Street Food လို့ ပြောရင် ဘယ်အချိန်တွေကို သတိရလဲ

Street Food လို့ ပြောရင် ဘယ်အချိန်တွေကို သတိရလဲ


လူတော်တော်များများကို အပျော်ဆုံးအချိန် ဘယ်အချိန်လဲလို့ မေးကြည့်မယ်ဆိုရင် အဖြူအစိမ်းကျောင်းတက်တုန်းက လို့ပဲ ဖြေမယ်လို့ ထင်တာပဲ။ ကလေးဘဝကို အပြည့်အဝ ခံစားရတာ အဲ့ဒီအချိန်တွေပဲ မဟုတ်လား။ ဒီတော့ အခုပြောမယ့်အကြောင်းအရာကလည်း အဖြူအစိမ်းကျောင်းသူဘဝက စရမှာပါပဲ။

ကျောင်းဆင်းပြီဆိုရင် အမြဲလာရောင်းနေကျ ဈေးသည်တွေရှိတယ်။ မှတ်မိသလောက်ကတော့ မုန့်စိမ်းပေါင်းသည် အန်တီကြီးရယ်၊ ရေခဲခြစ်ရောင်းတဲ့ ဦးလေးကြီး နှစ်ယောက်ရယ်၊ ပြီးတော့ ပဲမြစ်ပေါ်ချိန်ဆို ပဲမြစ်၊ စိမ်းစားဥပေါ်ချိန်ဆို စိမ်းစားဥ ရောင်းတတ်တဲ့ အန်တီကြီး။ ဒါတွေ မှတ်မိတယ်။ အော် ပြီးတော့ အဝိုင်းလှည့်ပြီး နို့ရေခဲချောင်းရောင်းတဲ့ ဦးလေးကြီးနဲ့ ဓားလှီးရေခဲချောင်းသည်။


ခေါင်းထဲမှာ မှတ်မိနေတာက ရေခဲခြစ်ရောင်းတဲ့ ဦးလေးကြီးနှစ်ယောက်ကို ကျောင်းဆင်းချိန်ဆို မတွေ့ရတော့တာပါပဲ။ အားလုံးထဲမှာ သူတို့က အစောဆုံးပျောက်သွားတာ။ ဘာလို့လဲ မသိပါ။ ပြီးတော့ ရေခဲချောင်းသည် ဦးလေးကြီးတွေ။

ဆူးလေဘုရားတဝိုက်က အထမ်းသည်တွေ စုစည်းရာနေရာ။ ဒီအသည်တွေထဲက တချို့က မုန့်ဟင်းခါးရောင်းတယ်၊ တချို့က ကြာဇံချက်၊ တချို့က ရခိုင်မုန့်တီနဲ့ အသုပ်စုံ၊ တစ်ခါတလေဆို အသားတု၊ ပဲပြား၊ တို့ဟူး တုတ်ထိုးရောင်းသည်တွေနဲ့ ဝက်သားတုတ်ထိုးသည်တွေလည်း တွေ့ရတတ်တယ်။


အခုတော့ သူတို့တွေ အများစုကတော့ မဟာဗန္ဓုလပန်းခြံနားက လမ်းဘေးဆိုင်တန်းတွေဆီ ရောက်သွားမယ်လို့ ထင်ရပေမယ့် အကုန်လုံးတော့ မဟုတ်နိုင်။ ဘာလို့ဒီလိုပြောလဲဆို ဆိုင်တွေက ပြောင်းလဲသွားပါ။ ထမင်းပေါင်းကို ၁၀၀၀ နဲ့ စားလို့ရတယ်ဆိုတဲ့ ဆိုင်တွေနဲ့ Hotpot ကို ဈေးတန်တန်နဲ့စားလို့ ရမယ့်ဆိုင်တွေပါ ရှိလာလို့ပါပဲ။ ကိုရီးယားအကင် ဘာညာ အကုန်စုံလို့။


အရင်ကဆို ရပ်ကွက်တစ်ခုတိုင်းလိုလိုမှာ အသုပ်ဆိုင်တွေ၊ အအေးဆိုင်နဲ့ လက်ဖက်ရည်ဆိုင် ရှိတယ်။ ဒါမှမဟုတ်လည်း တစ်လမ်းဝင် တစ်လမ်းထွက် လိုက်ရောင်းတဲ့ အသည်တွေရှိတယ်။ အဲဒါတွေလောက်ပဲ။ ဒါတွေကပဲ လူငယ်၊ လူကြီးတွေရဲ့ နားခိုရာ။ အသုပ်ဆိုင်ဆိုတာ လက်ဖက်သုပ်၊ ချင်းသုပ်လို အသုပ်တွေရောင်းတာမျိုး။ ဒါမှမဟုတ်ရင် အအေးဆိုင်၊ သစ်သီးတွေ ပေါင်းစုံချိတ်ထားတဲ့ အသီးဆိုင်တွေက ဖြတ်ရင် မွှေးလိုက်တဲ့ဖြစ်ခြင်း။ သီချင်းအသစ်တွေက နားထောင်ချင်ရင် လက်ဖက်ရည်ဆိုင်သာ သွားပဲ။ သီချင်းအသစ်တွေညည်းနေတတ်ပြီဆိုရင် သေချာတယ် ဒီလူ လက်ဖက်ရည်ဆိုင် ဂျိုး။


အဲ့ဒီအချိန်တွေနဲ့ အခုချိန်ရဲ့ လှည်းတန်းလို နေရာမျိုးကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကိုယ့်တွေရဲ့ အခုရန်ကုန်က ဘန်ကောက်သာသာ ဖြစ်နေပြီလို့ပဲ ပြောရမလားပဲ။ ဘန်ကောက်ဈေးလို အစုံရနေတဲ့ လမ်းဘေးဈေးသည်တွေက အပြည့်။ ဆူရှီလား၊ ကြက်အူချောင်း ကြက်ကြောတွေကို ကြော်မလား၊ ကင်မလား၊ ယိုးဒယားစတိုင် ဝက်သားကင်လား၊ ငါးကင်လား၊ ကွေ့သယိုလား၊ ဒါတင်ပဲ မဟုတ်သစ်သီးတွေကို ကားနဲ့ လိုက်ရောင်းတဲ့အသည်တွေနဲ့ Nike ဖိနပ်တွေပါ ပုံရောင်းနေတာမှ စုံလို့။


အသက်အရွယ် တဖြည်းဖြည်းပြောင်းလဲလာသလိုပဲ ဘေးကအရာတွေလည်း ပြောင်းလဲလာပါတယ်။ တချို့အရာတွေက ပြန်တွေ့ဖို့တောင် ခက်ခဲတဲ့အခြေအနေ။

ရွေးချယ်စရာတွေများလာတာ ကောင်းပေမယ့် ကိုယ်ကတော့ အရင်အချိန်တွေကိုပဲ ကြိုက်တယ်။ ရပ်ကွက်ထဲက အသုပ်ဆိုင်မှာထိုင်ပြီး အိမ်ကအမတွေက သူ့သူငယ်ချင်းတွေနဲ့ စကားချိန်တွေက မျက်လုံးချင်းဆုံပြီး အာပေါင်အာရင်းသန်သန်နဲ့ စကားပြောကြတာ။ အဲ့အချိန်တုန်းက မမကြီးတွေက ယောက်ျားရှပ်အင်္ကျ ီတွေ ဝတ်ပြီး လမ်းသလားတဲ့ခေတ်။

တကယ်တော့ ဒီလိုအမှတ်တရတွေဖြစ်စေတဲ့ အရာအားလုံးက  ကိုယ်တွေရဲ့ သက်မဲ့မွေးချင်းတွေလို့ ပြောလည်း မှားမယ်မထင်။ နေရာတကာတိုင်းမှာ သူတို့က ကပ်ပါနေတတ်ကြတာ။ အချိန်ယန္တရားကြီးသာ ရှိရင် အသွားချင်ဆုံး အချိန်ပြောပါဆိုရင် ခုလက်ရှိရောက်နေတဲ့ကာလရဲ့ အနည်းဆုံးလွန်ခဲ့တဲ့ ၁၅ နှစ်ကျော်က အချိန်တွေပဲ ဖြစ်မှာ။

ပရိသတ်ကြီးရော ဘယ်အချိန်တွေကို ပြန်အသွားချင်ဆုံးလဲ။

Photo Credit

NSC (Akhayar)