ကလေးဘဝက အားကျရတဲ့ သူရဲကောင်းတွေဆိုတာ

ကလေးဘဝက အားကျရတဲ့ သူရဲကောင်းတွေဆိုတာ

“သား စူပါမန်း ဖြစ်ချင်တယ် မေမေ” ဆိုပြီး ကလေးဘဝတုန်းက အိမ်က မေမေကို ပူဆာခဲ့ဖူးတယ်။ ကျွန်တော့်လိုပဲ အခရာ ပရိသတ်ကြီးရော ကလေးဘဝတုန်းက ဖြစ်ချင်ခဲ့ဖူးတာတွေ ရှိဖူးကြတယ်မလား။ ကလေးဘဝတုန်းက ကိုယ်တွေရဲ့ သူရဲကောင်းတွေက ကိုယ်တွေအတွက် အိမ်မက်ပါပဲ။ ဆရာဝန်ကြီးတို့ အင်ဂျင်နီယာကြီးတို့က နောက်မှ။ ဘတ်မန်းတို့ စပိုက်ဒါမန်းတို့ကမှ အရင် ဟုတ်တယ်ဟုတ်။ တစ်နေ့ တစ်နေ့ စူပါပါဝါ တွေရလာပါစေ ဆိုပြီး ဆုတောင်းခဲ့ကြတာ အမော။

သူငယ်ချင်းတွေနဲ့တွေ့ပြီဆိုလည်း Hero လုရတာ အမြဲ ငါက စူပါမန်း (Super Man)၊ ငါက ဘတ်မန်း(Bat Man)၊ ငါက ပါဝါရိန်းဂျား အနီကောင် ဆိုပြီး။ အခုခေတ်တွေလိုတော့ ဘန်တန်း(Ben 10)၊ နာရူတို (Naruto) တွေ မပေါ်သေးတော့ ဒါလေးတွေပဲလုနေရတာ ကလေးသဘာဝပါ။

အခု ကျွန်တော် ပြောပြချင်တာကတော့ ကလေးဘဝကိုတွေးမိရင်း ငယ်ငယ်တုန်းက ဖြစ်ချင်ခဲ့တဲ့ Hero တွေနဲ့ အလွဲလေးတွေကိုပါ။

Superman
ဝတ်ရုံအနီကြီးတကားကား၊ ရင်ဘတ်ပေါ်က S တံဆိပ်ကြီးနဲ့ စူပါမန်းကို မရိုးနိုင်အောင် ထပ်တလဲလဲ ကြည့်ခဲ့တယ်။ စူပါမန်းနဲ့ မတူတူအောင် အဖေ့ပုဆိုး အနီကိုယူပြီး လည်ပင်းမှာစည်း၊ မရှိတဲ့ရင်ဘတ်ကြီးကိုကော့ စူပါမန်းဆိုပြီး သရုပ်ဆောင်ရတာ အမော။ ငါကွ စူပါမန်း ဆိုပြီး ကျောင်းစာသင်ခန်းက ဖင်ထိုင်ခံနောက်ကျောပေါက်ထဲကို ခေါင်းကိုစွပ်၊ ငါ မ နိုင်တယ်ပေါ့ ဆိုပြီး လုပ်ကာမှ ချွတ်မရလို့ လွှနဲ့တိုက်  ဖြတ်ထုတ်ရတဲ့ အမှတ်တရတွေ ရှိခဲ့ဖူးတယ်။

ကျောင်းအုပ်ဆရာမကြီးတောင် ဆင်းလာပြီး အရေးပေါ်ကယ်ဆယ်ရေးတွေလုပ်၊ လွှနဲ့တိုက်ဖြတ်ပစ်မယ်ဆိုမှ ကြောက်အားလန့်အားနဲ့ ကျွတ်သွားတဲ့ ထိုင်ခုံလေးကို ခုထက်ထိ မမေ့တော့။ အခုချိန်ထိ ကျောင်းတုန်းက ခင်ခဲ့တဲ့ သူငယ်ချင်းတွေ ခေါ်နေကျ ကျွန်တော့်ရဲ့ နာမည်ပြောင်က “စူပါမန်း” တဲ့။

Ultraman
ဂြိုလ်သားဝတ်စုံတွေနဲ့ ခန္ဓာကိုယ်ကြီးသွားပြီး ကမ္ဘာမြေကြီးကို ကယ်တင်တဲ့ ဂျပန်စူပါဟီးရိုးတွေက Admin ငယ်ငယ်တုန်းက အကြိုက်ဆုံးသူရဲကောင်းတွေပါ။ ဂေါ်ဇီလာကြီး မြို့ထဲဝင်လာပါပြီဆိုတာနဲ့ ဘယ်အချိန်ဖြစ်ဖြစ် Ultraman က အသင့်အနေအထားမှာရှိနေတာပါ။ အပေါင်းပုံလက္ခဏာကနေ ရောင်စဉ်တန်းကြီးပစ်ပြီး ဂေါ်ဇီလာတွေကို အနိုင်တိုက်တဲ့ ဇာတ်ဝင်ခန်းတွေက ကိုယ့်အကြိုက်တွေပဲ။

မှတ်မှတ်ရရ သုံးတန်းနှစ်မှာ Ultra Man ဆိုပြီး အဆော့ကောင်းလို့ အခန်းထဲက သောက်ရေအိုးကို ရိုက်ခွက်ပစ်ခဲ့ဖူးပါတယ်။ စာသင်ခန်းတစ်ခန်းလုံး စာသင်နေရချိန် ကွဲသွားတဲ့ အိုးတွေ၊ ပြန့်ကျဲနေတဲ့ ရေတွေကို တစ်ယောက်တည်းသန့်ရှင်းရင်း အပြစ်ပေးခံခဲ့ရဖူးတယ်။ တော်ရုံတန်ရုံဆို ရှက်လို့ ဘယ်သူမှမပြောပြပါဘူး။ ခုက လူစုံတုန်းမို့။

Batman
သုံးတန်းနှစ် ကျော်လာတော့ လေးတန်းနှစ် ရောက်လာတဲ့အချိန် နည်းနည်းလေး ရင့်ကျက်လာခဲ့ပြီလေ။ စူပါမန်းတို့ အာထရာမန်းတို့ဆိုတာ ကလေးတွေ ကြိုက်တာ။ ကိုယ်က လေးတန်းတောင်ရှိပြီဆိုတော့ ဘတ်မန်းပဲကြိုက်တယ်။ ဒီအချိန်မှာလည်း အဖေ့ပုဆိုးကို ဝတ်ရုံပါဆိုပြီး မျက်စောင်းလှည့်ထိုးတော့တာပဲ။ ပုဆိုးကို လည်ပင်းစည်း ဝတ်ရုံကြီးလိုကိုင်ပြီးအမြင့်ကနေ ခုန်ခုန်ချတာ ဘယ်လောက်နာနာမမှတ်။

ကျောင်းတက်တော့ အိမ်သာသွားရင်း လှေကားထိပ်ကနေ ခုန်ချလိုက်ချိန်မှာတော့ ဖင်ထိုင်လျက်လေးကျပြီး ခြေထောက် အရိုးအက်သွားတဲ့အခါမှ ငြိမ်သွားတယ်။ တစ်လလောက် တရုတ်ဆေးစည်းပြီး ကျောင်းမတက်လိုက်ရပါဘူးနော်။ ဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းရယ်ပါ။

Power Ranger
ငယ်ငယ်လေးကတည်းက ကြိုက်ခဲ့ရတဲ့ ကမ္ဘာကြီးကိုကယ်တင်မယ့် လူငယ်တစ်စု၊ ဂြိုလ်သားတွေနဲ့ မိစ္ဆာတွေရဲ့ရန်ကနေ အသက်စွန့်ပြီးကာကွယ်တဲ့ အာဂသူရဲကောင်းတွေဟာ ပါဝါရိန်းဂျားတွေပါ။ များသောအားဖြင့် ပါဝါရိန်းဂျားတွေဟာ အနီ၊ အပြာ၊ အနက်၊ အဝါရောင်၊ ပန်းရောင် ဆိုပြီး သူငယ်ချင်းငါးယောက် ကမ္ဘာမြေကြီးကို ကယ်တင်ကြတယ်။ အခုချိန်ထိ ပါဝါရိန်းဂျားကားကြည့်တိုင်း အားကျရတဲ့အချက်ရှိတုန်းပဲ။

စဉ်းစားကြည့်လေ ပရိသတ်ကြီး။ ဘယ်လောက်ဓားနဲခုတ်ခုတ်၊ သေနတ်နဲ့ပစ်ပစ် ပြန်ပြန်ထနိုင်တာ နည်းနည်းနောနော အစွမ်းလားနော်။ သွေးလည်းမထွက်၊ ကျည်ဆံလည်းမပေါက်ဘဲ မီးပွားတွေချည်း ထွက်ထွက်လာတာ ကိုယ်သဘောအကျ ဆုံးပဲ။ တကယ်ပါ အခုချိန်ထိကို ပါဝါရိန်းဂျား ဖြစ်ချင်လို့ အဲ့ဒီလိုမျိုး အစွမ်းရှိတဲ့ ဆရာကြီးတစ်ယောက်ဆီမှာ တပည့်အဖြစ် ခံယူချင်သေးတယ်ဆိုတာ ပြောပြလည်း ယုံမှာမဟုတ်ပါဘူး။

ကလေးဘဝတုန်းက ဘာပူပင်သောကမှမရှိ ကိုယ်ဖြစ်ချင်တာလေးတွေ ဖြစ်နိုင်လား၊ မဖြစ်နိုင်လား မတွေးပါဘဲ စိတ်ချမ်းသာလက်ချမ်းသာနဲ့ အိပ်စက်ခဲ့ကြတဲ့အချိန်တွေကို ပြန်လွမ်းမိပါတယ်။ တကယ်ပါ။ ကျွန်တော် ဆရာဝန်ကြီးလည်း မဖြစ်ချင်ပါဘူး။ အင်ဂျင်နီယာကြီးလည်း မဖြစ်ချင်ဘူး။ ပါဝါရိန်းဂျား အနီကောင်ပဲဖြစ်ချင်ခဲ့တာပါ။ အခရာ ပရိသတ်ကြီးရော ငယ်ငယ်တုန်းက ဘာဖြစ်ချင်ကြလဲ။

Photo Credit – Comic Book Movie

Lwin Moe Htyke ( Akhayar )