T1 Esports အဖွဲ့အစည်းဝင် ကစားသမားတွေ၊ ဝန်ထမ်းတွေ၊ မိသားစုဝင်တွေကို နှောင့်ယှက်သူများအား တရားစွဲဆိုမှုတွေ ပြုလုပ်သွားမည်

ကိုရီးယား အခြေစိုက် နာမည်ကျော် Esports အဖွဲ့အစည်း T1 ကတော့ အင်တာနက်ကမ္ဘာရဲ့ အဓိက ဆိုးကျိုးတစ်ခုဖြစ်တဲ့ အွန်လိုင်းပေါ်က ဝေဖန်တိုက်ခိုက်မှုတွေနဲ့ အပြင်းအထန် ရင်ဆိုင်ရလျက် ရှိပါတယ်။ T1 LoL အသင်း အတွက် 2020 LoL ရာသီဟာ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ရာသီတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ T1 LoL အသင်း အနေနဲ့ LCK Summer Playoffs အဆင့်ကနေ နှုတ်ဆက် ထွက်ခွာခဲ့ရသလို 2020 LoL World Championship ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိဖို့ အတွက်လည်း မသေချာတော့တဲ့ အနေအထား တစ်ခုနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

အခုလို ကျရှုံးမှုတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေရတာကြောင့် T1 LoL အသင်း အပေါ် အွန်လိုင်းပေါ်ကနေ အပြင်းအထန် ဝေဖန်ထိုးနှက်မှုတွေ ပေါ်ပေါက်လာခဲ့သလို၊ T1 Esports အဖွဲ့အစည်းဝင် ကစားသမားတွေ၊ ဝန်ထမ်းတွေ အပြင်၊ ကစားသမားတွေရဲ့ မိသားစုဝင်တွေ အပေါ်ပါ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ တိုက်ခိုက်မှုတွေ၊ ချိန်းခြောက်မှုတွေ ပြုလုပ်လာလျက် ရှိတယ်လို့ သိရပါတယ်။

T1 LoL အသင်းရဲ့ နာမည်ကျော် Mid Lane ကစားသမား Faker ဟာဆိုရင် အကြီးမားဆုံး ထိုးနှက်မှုတွေနဲ့ ရင်ဆိုင်ရလျက် ရှိတယ်လို့ သိရပြီး Faker ရဲ့ အဘွားဖြစ်သူ အနေနဲ့လည်း ချိန်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရလျက် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် T1 LoL အသင်းရဲ့ အခြားသော ကစားသမားတွေ အနေနဲ့ Streaming Session တွေမှာ ဝေဖန်မှုတွေ၊ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ပြောဆိုဆက်ဆံမှုတွေ၊ ချိန်းခြောက်မှုတွေနဲ့ ဆက်တိုက် ဆိုသလို ရင်ဆိုင်ရလျက် ရှိပါတယ်။

T1 Esports အဖွဲ့အစည်း အနေနဲ့ အခုလို ရုန့်ရင်းကြမ်းတမ်းတဲ့ ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရလျက် ရှိကြောင်းကို ပြီးခဲ့တဲ့ လအနည်းငယ်ခန့်က စတင်ပြီး ရင်ဆိုင်ခဲ့ရတာ ဖြစ်ပေမယ့် ယခုအခါမှာတော့ ဝေဖန်တိုက်ခိုက်သူများ အပေါ် တရားစွဲဆိုမှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။
T1 Esports အဖွဲ့အစည်းရဲ့ CEO ဖြစ်သူ Joe Marsh အနေနဲ့ တရားခွင်ကနေ တစ်ဆင့် ရင်ဆိုင်သွားဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းကို အခုလိုပဲ ဖြေရှင်းသွားခဲ့ပါတယ်။
We asked nicely a few weeks back. We said we would take action. We said we would do anything to protect our players, coaches and staff. We say what we mean and we mean what we say. https://t.co/aHKsLemgPX
— Joe Marsh (@JoeMar) September 3, 2020
“ကျွန်တော်တို့ အဖွဲ့အစည်းဘက်က ဝေဖန်တိုက်ခိုက်သူတွေ အပေါ် အခုလိုတွေ ဆက်လက် မလုပ်ဖို့ အတွက် မေတ္တာရပ်ခံခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့တွေဘက်က ဂရုစိုက်ခြင်း မရှိဘဲ ဆက်လက် တိုက်ခိုက်လို့ လာခဲ့တာကြောင့် အခုလို တရားစွဲဆိုမှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းဝင် ကစားသမားတွေ၊ နည်းပြတွေ၊ ဝန်ထမ်းတွေ ဘေးအန္တရာယ် ကင်းရှင်းစေဖို့ အတွက် T1 Esports အဖွဲ့အစည်းဘက်က ဘာမဆို လုပ်ဆောင်သွားဖို့ အသင့်ပါပဲ။”
REF: VpEsports