အသင်းကြီးများစွာကို ဖြတ်ကျော်ပြီး ESL One Germany 2020 မှာ ဗိုလ်စွဲခဲ့တဲ့ Team Liquid

ထင်မှတ်မထားတဲ့ အဖြစ်အပျက် များစွာနဲ့အတူ ESL One Germany 2020 Dota2 ပြိုင်ပွဲကြီးကတော့ အောင်မြင်စွာနဲ့ အဆုံးသတ် သွားခဲ့ပြီ ဖြစ်ပါတယ်။ Alliance Dota2 အသင်းကနေ ထွက်ခွာပြီး Team Liquid လက်အောက်ကို ပြောင်းရွေ့ခဲ့တဲ့ အောက်တိုဘာလ ၂၀၁၉ ခုနှစ်က စတင်ပြီး မကြာသေးခင် အချိန်ထိ ဆုဖလားတွေနဲ့ ကင်းဝေးနေခဲ့တဲ့ Insania တို့ အဖွဲ့သားတွေဟာ ESL One Germany 2020 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကြီးကို ထိုက်ထိုက်တန်တန်ပဲ သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Team Liquid အနေနဲ့ ESL One Germany 2020 ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေမှာ ၃ ပွဲနိုင်၊ ၁ ပွဲရှုံး ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့တာကြောင့် Upper Bracket ကို တက်လှမ်းနိုင်ခဲ့ပေမယ့်လည်း Upper Bracket Round 1 ပွဲစဉ်မှာပဲ Fata, 33 တို့ ပါဝင်တဲ့ Mudgolems ကို ၂ - ၁ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် Lower Bracket Round 1 ကို သက်ဆင်းခဲ့ရပါတယ်။

Lower Bracket ကို ရောက်ရှိသွားခဲ့ပေမယ့် Team Liquid အဖွဲ့သားတွေရဲ့ စိတ်ဓာတ်ပိုင်းမှာ ပျက်ပြားသွားခဲ့ခြင်း မရှိခဲ့ဘဲ Team Nigma ကို ၂ - ၁၊ Vikin.gg ကို နှစ်ပွဲပြတ်၊ Team Secret ကို နှစ်ပွဲပြတ်၊ Mudgolems ကို နှစ်ပွဲပြတ်စတဲ့ ရလဒ်တွေဖြင့် ပြန်လည် အနိုင်ယူနိုင်ခဲ့ပြီး Grand Final အဆင့်မှာ စောင့်ဆိုင်းလျက်ရှိတဲ့ Na’Vi Dota2 အဖွဲ့သားတွေနဲ့ ယှဉ်ပြိုင်ခွင့်ကို ရယူနိုင်ခဲ့ပါတယ်။
Team Liquid နဲ့ Na’Vi တို့ ယှဉ်ပြိုင်ခဲ့ရတဲ့ ESL One Germany 2020 Grand Final ပွဲစဉ်ကို Best of Five Format ဖြင့် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး Team Liquid အနေနဲ့ Na’Vi ကို (၃-၁) ဆိုတဲ့ ရလဒ်ဖြင့် အပြတ်အသတ် အနိုင်ယူနိုင်ခဲ့တာကြောင့် ESL One Germany 2020 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို ဆုကြေးငွေ ကန်ဒေါ်လာ ၁ သိန်းခွဲကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။
🏆 @TeamLiquid 🏆
— ESL Dota2 (@ESLDota2) November 1, 2020
They are your #ESLOne Germany Online 2020 Champions! 🎉🎉🎉 pic.twitter.com/Gp18nrCvP1
ဒါ့အပြင် Team Liquid Dota2 အဖွဲ့သားတွေကို ပြိုင်ပွဲ တစ်လျှောက် အကောင်းဆုံး ညွှန်ကြားနိုင်ခဲ့တဲ့ Team Liquid Dota2 အသင်းရဲ့ ကပ္ပတိန်ကြီး Insania ဟာ ဆိုရင်လည်း ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့ကာ Mercedes-Benz ကားသစ်ကြီးကိုလည်း ပိုင်ဆိုင်ခွင့် ရရှိခဲ့ပါတယ်။
REF: VpEsport