OMEGA League Immortal Division ပြိုင်ပွဲမှာလည်း Kuroky မပါဘဲ ယှဉ်ပြိုင်သွားရဦးမယ့် Team Nigma

OGA Dota PIT Season 2 EU/ CIS ပြိုင်ပွဲ စတင်စဉ် အချိန်ကတည်းက ကျန်းမာရေး ပြဿနာတွေကြောင့် ခေတ္တ အနားယူခဲ့ရတဲ့ Nigma Dota2 အသင်းရဲ့ Captain ကြီး Kuro Salehi “Kuroky” Takhasomi ကတော့ OMEGA League EU Immortal Division ပြိုင်ပွဲမှာလည်း ဝင်ရောက် ယှဉ်ပြိုင်နိုင်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။
Unfortunately, @NigmaKuroKy is still recovering from his injury and won’t be able to compete in the @OmegaDotaLeague.
— Team Nigma (@TeamNigma) August 11, 2020
Can we convince @rmN_dota to stand-in once more?#StarsAlign pic.twitter.com/2gYcrV85s8
OGA Dota PIT Season 2 EU/ CIS ပြိုင်ပွဲမှာ Kuroky အစား နည်းပြဖြစ်သူ rmN ဝင်ရောက် ကစားပေးခဲ့ပြီး rmN အနေနဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့သလို Team Nigma Dota2 အသင်း အနေနဲ့လည်း OGA Dota PIT Season 2 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
လက်ရှိအချိန်ထိ Team Nigma ဘက်ကတော့ Kuroky နေရာမှာ ဝင်ရောက် တာဝန်ယူသွားမယ့် ကစားသမားကို တရားဝင် ကြေညာခြင်း မရှိသေးတာကြောင့် rmN ကို နောက်တစ်ကြိမ် ဝင်ရောက် ကစားပေးဖို့ အကူအညီ တောင်းခံသွားမှာဖြစ်ကြောင်း ကိုယ်ပိုင် တွစ်တာ အကောင့်မှာ အရွှန်းဖောက် ပြောကြားသွားခဲ့တာကြောင့် OMEGA League Immortal Division ပြိုင်ပွဲမှာလည်း နည်းပြကြီး rmN ကို Kuroky ရဲ့ နေရာမှာ ထပ်မံ မြင်တွေ့သွားရဖွယ် ရှိပါတယ်။

OGA Dota PIT Season 2 EU/ CIS ပြိုင်ပွဲမှာ အင်အားကြီး Dota2 အသင်းတွေဖြစ်တဲ့ Team Secret နဲ့ Virtus Pro တို့ ပါဝင်ခြင်း မရှိခဲ့သလို OG Dota2 အသင်း အနေနဲ့လည်း ပြိုင်ပွဲမတိုင်ခင်ကမှ အပြောင်းအလဲတွေ ထပ်မံ ပြုလုပ်ခဲ့တာကြောင့် Nigma Dota2 အသင်း အနေနဲ့ အဆိုပါ ပြိုင်ပွဲမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ဖို့ ဂရန်းဖိုင်နယ် ပွဲစဉ်ကလွဲပြီး ထင်သလောက် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရခြင်း မရှိခဲ့ပါဘူး။
ဒါပေမယ့်လည်း OMEGA League EU Immortal Division ပြိုင်ပွဲမှာ Team Secret, Virtus Pro တို့ ပါဝင်လာမှာဖြစ်တဲ့အပြင် NA အခြေစိုက် အသင်းကြီးဖြစ်တဲ့ Evil Geniuses ဟာဆိုရင်လည်း OMEGA League EU Immortal Division မှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တာကြောင့် Team Nigma အဖွဲ့သားတွေ အနေနဲ့ ယခု ပြိုင်ပွဲမှာတော့ ရုန်းကန်သွားရဖွယ် ရှိနေပါတယ်။

OMEGA League EU Immortal Division ပြိုင်ပွဲကို ဩဂုတ်လ (၁၄) ရက်နေ့ (ယနေ့)၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲခန့်မှာ စတင် ကျင်းပသွားမှာ ဖြစ်တာကြောင့် Team Nigma ကပဲ ချန်ပီယံဆုကို ဆက်လက် သိမ်းပိုက် သွားနိုင်မလား၊ ဒါမှမဟုတ် ဝင်ပြိုင်သမျှ ပြိုင်ပွဲတိုင်း နီးပါးမှာ ပထမဆုကို ရယူနိုင်ခဲ့တဲ့ Secret ကပဲ ဆုဖလားကို ရယူသွားမလား၊ ဒါမှမဟုတ် Artstyle နဲ့ ပြန်လည် ပူးပေါင်းခဲ့တဲ့ Virtus Pro ကပဲ ချန်ပီယံဂုဏ်ပုဒ်ကို သိမ်းပိုက်သွားမလား၊ ဒါမှမဟုတ် TI ၂ နှစ်ဆက် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Notail တို့ တစ်သိုက်ကပဲ ပထမဆုကို အမိအရ ယူသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: VpEsports