ပျောက်ဆုံးနေတဲ့ ရှေးဟောင်းရတနာသိုက် (၅) ခု

ပျောက်ဆုံးနေတဲ့ ရှေးဟောင်းရတနာသိုက် (၅) ခု

ရှေးခေတ်တုန်းက ကြွယ်ဝချမ်းသာသူတွေဟာ ပိုင်ဆိုင်သမျှရွှေငွေရတနာတွေကို ရန်သူမျိုး (၅) ပါးရန်က ကာကွယ်နိုင်အောင်လို့ အလုံခြုံဆုံးနေရာကို သိုဝှက်ထားတတ်ပါတယ်။ ဘယ်လိုမှ ရွေ့လျောပျက်စီးမသွားတဲ့ မြေကြီးထဲမှာ သိုဝှက်သွားတတ်ပါတယ်။ ပိုင်ရှင်ဟာ ဘယ်သူ့ကိုမှ ဖွင့်မပြောဘဲနဲ့ လျို့ဝှက်ချက်တစ်ခုလို ထိန်းသိမ်းထားရင်းကနေ ရတနာမဖော်ရသေးခင် အသက်ဆုံးသွားတဲ့အခါ ရတနာသိုက်တစ်ခုအဖြစ် ကျန်ရစ်နေတော့တာပါပဲ။ ဥပမာ – ကိုကင်းရာဇာကြီး Pablo Escobar မြှုပ်နှံထားတဲ့ ရတနာတွေနဲ့ ငွေကြေးတွေကို ကိုလံဘီယာပြည်သူတွေ ရရှိသလိုပေါ့။ ကမ္ဘာပေါ်မှာလည်း မဖော်ထုတ်ရသေးတဲ့ ရတနာသိုက်တွေ အများကြီးရှိပါသေးတယ်။ တချို့ကိုလည်း ကံကောင်းတဲ့သူတွေ တွေ့သွားကြပါတယ်။ သမိုင်းတစ်လျှောက် ပျောက်ဆုံးနေတဲ့ရတနာသိုက်တွေကို စုစည်းဖော်ပြမှာဖြစ်ပါတယ်။

၁။ Nazi Gold in Austria’s Lake Toplitz
ဒုတိယကမ္ဘာစစ်ပြီးခါနီးမှာ နာဇီတွေဟာ သူတို့စစ်ရှုံးတော့မှာကို ရိပ်မိခဲ့တဲ့အတွက် ဂျူးလူမျိုးတွေ ပိုင်ဆိုင်တဲ့ ပြတိုက်တွေဆီက အဓမ္မသိမ်းပိုက်ထားတဲ့ စိန်ရွှေငွေရတနာတွေကို ဂျာမဏီနိုင်ငံကို ပြန်လည်သယ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ ရွှေတန်ချိန်ပေါင်း ၃ဝဝ နဲ့ ရတနာတွေအပြည့်တင်ထားတဲ့ ရထားဟာ  ပိုလန်နိုင်ငံရဲ့ လျှို့ဝှက်ဥမင်လိုဏ်ခေါင်းကို ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ မဟာမိတ်တပ်ဖွဲ့တွေဟာ လိုက်လံပစ်ခတ်တဲ့အတွက် ရတနာတွေအားလုံးကို သြစတြီးယားတောင်ခါးပန်းကြားမှာရှိတဲ့ Lake Toplitz ရေကန်ထဲကို မြှုပ်ပစ်ခဲ့တယ်လို သိရပါတယ်။

ရေကန်ထဲမှာ ရတနာတွေရှိမှန်းအတိအကျသိပေမယ့် ကန်ရေပြင်ရဲ့အအေးဒဏ်ကြောင့် ရတနာရှာတဲ့ ရေငုတ်သမားတွေ (၇) ဦးအထိ သေဆုံးခဲ့ပါတယ်။ အဲဒီလိုဆိုရင် ရေတွေကို စက်နဲ့ စုတ်ထုတ်ပစ်လို့ မဖြစ်နိုင်ဘူးလား။ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရေကန်ဟာ အလျား ၁.၂မိုင်ရှည်ပြီး အနံက ၁,၃ဝဝပေရှိပါတယ်။ ရေကန်ရဲ့အနက်ဟာ ၃၃၈ပေရှိတဲ့အတွက် အတော်ကြီးတဲ့ ရေကန်လို့သာ ဆိုချင်ပါတယ်။ ဒါ့ကြောင့်လည်း အခုချိန်ထိ ရတနာသိုက်ကို ဘယ်သူမှမဖော်ထုတ်နိုင်သေးပါဘူး။ ကဲ . . . အချိန်ရရင် သွားဖော်ရအောင်နော်။

၂။ Blackbeard’s Treasure
Blackbeard ဆိုတဲ့ မုတ်ဆိတ်နက်ပင်လယ်ဓားပြကိုတော့ Pirates of the Caribbean ရုပ်ရှင်မှာ သိကြမယ်ထင်ပါတယ်။ အပြင်လောကမှာ တကယ်ရှိတဲ့လူကို ဇာတ်ကောင်အဖြစ် သရုပ်ဖော်ခဲ့တာပါ။ ။ Blackbeard ရဲ့နာမည်အပြည့်အစုံကတော့ Edward Teach ပဲဖြစ်ပါတယ်။ သူဟာ ကာရစ်ဘီယံပင်လယ်နဲ့ ဗြိတိန်ကမ်းရိုးတန်းတစ်လျှောက်ကို ပြဲပြဲစင်အောင် လုယက်ခဲ့ပါတယ်။ ၁၇၁၇ခုနှစ်မှာ မုတ်ဆိတ်နက်ဟာ ပြင်သစ်ကျွန်သင်္ဘော Lac Concorde ကို လုယက်ပြီး Queen Anne’s Revenge လို့ နာမည်ပေးခဲ့ပါတယ်။

ရေတပ်ဗိုလ် Robert Maynard ဦးဆောင်တဲ့အဖွဲ့ဟာ သူ့ရဲ့ပင်လယ်ဓားပြအဖွဲ့ကို ဖမ်းဆီးခဲ့ပြီး ၁၉၁၈ခုနှစ် နိုဝင်ဘာလ ၂၂ရက်နေ့မှာ ကွပ်မျက်ခဲ့ပါတယ်။ သူမသေခင် ဝှက်ထားတဲ့ရတနာသိုက်ရှိကြောင်း ထုတ်ဖော်ပြောခဲ့ပေမယ့် နေရာအတိအကျကိုတော့ ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး။ အခုချိန်မှာတော့ ပင်လယ်ဓားပြကြီးရဲ့ရတနာသိုက်ဟာ ယုံတမ်းစကားအဖြစ်ပဲ ကျန်ခဲ့ပါပြီ။

၃။ The Secret City of Paititi
Paititi မြို့ဟာ အင်ကာလူမျိုးတွေရဲ့မြို့ဖြစ်ပြီး ပီရူးနိုင်ငံရဲ့အရှေ့တောင်ပိုင်း၊ ဘိုလစ်ဗီးယားနိုင်ငံမြောက်ပိုင်းနဲ့ ဘရာဇီးနိုင်ငံအနောက်တောင်ပိုင်းမှာရှိတဲ့ အင်းဒီးစ်တောင်တန်းမှာ တည်ရှိတယ်လို့ ဒဏ္ဍာရီတွေမှာ ဖော်ပြကြပါတယ်။ စပိန်လူမျိုးတွေက ချမ်းသာတဲ့ အင်ကာလူမျိုးတွေကို ၁၅၃၂ခုနှစ်မှာ တိုက်ခိုက်ခဲ့ပါတယ်။ စစ်မနိုင်မှန်း ကြိုသိနေတဲ့ အင်ကာလူမျိုးတွေဟာ ပိုင်ဆိုင်သမျှရတနာတွေကို Paititi မြို့ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

၁၅၇၂ခုနှစ်မှာ စပိန်တွေဟာ စစ်နိုင်ခဲ့ပေမယ့် ဘာကိုမှဖြစ်ဖြစ်မြောက်မြောက် မရခဲ့ပါဘူး။ စပိန်တွေက အမေဇုန်တောကြီးထဲကို ရွှေ့ပြောင်းသွားတယ်လို့ သတ်မှတ်လိုက်ပါတယ်။ အခုချိန်မှာတော့ ဘယ်သူမှလမ်စမရတော့ဘဲ ပျောက်ဆုံးနေတဲ့ ရွှေမြို့တော်အနေနဲ့သာ ကျန်ခဲ့ပါပြီ။ ကာလတန်ကြေးနဲ့ဆို အမေရိကန်ဒေါ်လာ ၁ဝဘီလီယံလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

၄။ Treasure of San Jose
၁၇ဝ၂ခုနှစ်မှာ ပဉ္စမမြောက် စပိန်ဘုရင် Philip နန်းဆက်ခံမှုနဲ့ ပတ်သက်ပြီးတော့ အင်္ဂလိပ်၊ ပြင်သစ်၊ နယ်သာလန်၊ သြစတြီးယားတို့နဲ့ စပိန်ဟာ စစ်ဖြစ်ခဲ့ပါတယ်။ ဒါကိုနောင်တစ်ချိန်မှာ စပိန်နန်းလုစစ်ပွဲ (War of the Spanish Succession) ဆိုပြီး နာမည်ကြီးခဲ့ပါတယ်။

၁၇ဝ၈ခုနှစ်မှာ စပိန်နိုင်ငံဟာ စစ်ပွဲအတွက် ငွေကြေးလိုအပ်လာလို့ ကိုလိုနီနယ်မြေတွေက သိမ်းယူရရှိထားတဲ့ ရတနာတွေ တင်ဆောင်လာတဲ့ သင်္ဘောကြီးဟာ ကာရစ်ဘီယံပင်လယ်မှာ နစ်မြုပ်သွားတာပဲဖြစ်ပါတယ်။ ၂ဝ၁၅ခုနှစ် ဒီဇင်ဘာ၄ရက်နေ့က ကိုလံဘီယာအစိုးရက သင်္ဘောကြီးရဲ့တည်နေရာကို တွေ့ရှိပြီလို့ ကြေညာခဲ့ပေမယ့် စပိန်အစိုးရနဲ့ ပိုင်ဆိုင်မှုအငြင်းပွားရဦးမှာဖြစ်ပါတယ်။

၅။ Leon Trabuco’s Gold
Leon Trabuco ဟာ အမေရိကန်သန်းကြွယ်သူဌေးတစ်ယောက်ပါ။ တိုင်းပြည်မှာ စီးပွားရေးမတည်ငြိမ်တာကို ရိပ်မိတဲ့ သူဟာ ရွှေ၁၆တန်ကို ကြိုတင်ဝယ်ယူခဲ့ပါတယ်။ ၁၉၂၉ခုနှစ်မှာ ကမ္ဘာ့စီးပွားကပ်ပျက်ဆိုက်တော့ အမေရိကန်နိုင်ငံမှာ ဒေါ်လာဈေးတွေ ထိုးကျသွားတယ်။ ဒါပေမယ့် ရွှေဈေးတွေဟာ တဟုန်ထိုးတက်ခဲ့ပါတယ်။ ကံမကောင်းချင်တော့ ၁၉၃၄ခုနှစ်မှာ ကိုယ်ပိုင်ရွှေတွေအများကြီးပိုင်ဆိုင်ထားရင် တရားမဝင်ဘူးလို့ Gold Reserve Law ကို ပြဌာန်းလိုက်တဲ့အတွက် Leon Trabuco ဟာ ပိုင်ဆိုင်သမျှရွှေချောင်းတွေကို New Mexico ပြည်နယ် Farmington မြို့ အနီးတဝိုက်မှာရှိတဲ့ သဲကန္တာရထဲမှာ မြှုပ်နှံလိုက်ပါတယ်။ အချိန်တွေကြာလာတော့ သူဌေးကြီးလည်း သေဆုံးသွားတဲ့အတွက် ရတနာသိုက်အတိအကျလည်း ဘယ်သူမှမသိတော့ပါဘူး။ ရတနာသိုက်မုဆိုးတွေလည်း ရှာဖွေကြပေမယ့် အခုချိန်ထိ ရှာမတွေ့ကြသေးပါဘူး။

ကဲ . . . ဒါတွေကတော့ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ရတနာသိုက်တွေပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ရတနာသိုက်ရှိရင် ဥစ္စာစောင့်ရှိတယ်လို့ ယုံကြည်ကြပါတယ်။ တကယ်တော့ ရတနာသိုက်ဆိုတာ အင်မတန်ကံကောင်းတဲ့သူမှသာ ပိုင်ဆိုင်နိုင်တဲ့အရာဖြစ်ပါတယ်။ ကိုယ့်နားမှာရှိပေမယ့်လည်း မသိကြတဲ့သူတွေအများကြီးပါ။ ဗဟုသုတတိုးပွားကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

Reference and Photo Credit – List 25 ၊ Unsolved

ကျော်စိုးအောင် (အခရာ)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle