ဘယ်အချိန်တွေမှာ ကျေးဇူးတင်စကားပြောဖို့ မဖြစ်မနေလိုမလဲ

ဘယ်အချိန်တွေမှာ ကျေးဇူးတင်စကားပြောဖို့ မဖြစ်မနေလိုမလဲ

ချစ်ခြင်းတွေကို လှစ်ဟပြနိုင်မယ့် စကားတွေထဲမှာ ကျေးဇူးတင်စကားလည်း ပါပါတယ်။ ကျေးဇူးတင်စကားဆိုတာ တခြားသောစကားတွေထက် ပေါ့ပေါ့တန်တန်ထွက်လာတဲ့ အရာမဟုတ်ဘူးလို့ထင်ပါတယ်။ ကိုယ့်အတွက် ကောင်းကျိုးတွေ ဖြစ်စေမှသာ ဒီစကားက အလိုအလျောက်ထွက်ကျလာတာမဟုတ်ပါလား။ သေချာစဉ်းစားကြည့်ပါ။ လမ်းမှာ ပစ္စည်းတစ်ခုခုပြုတ်ကျသွားလို့ ကိုယ့်အစား ကောက်ပေးတဲ့သူက သိပ်ကိုကျေးဇူးတင်စရာမကောင်းပေဘူးလား။

တစ်ခါတလေလည်း ကျေးဇူးတင်စကားပြောဖို့ကို မေ့နေတတ်ကြပါတယ်။ ခါတိုင်းဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ ကွဲထွက်နေလို့ ဒီစကားပြောဖို့ မေ့နေလည်း ဖြစ်နိုင်ကောင်းပါတယ်။ ဒီလိုဆိုတော့ ဘယ်အချိန်မျိုးမှာ ကျေးဇူးတင်စကားပြောရမလဲ..

(၁) အင်တာဗျူးပြီးပြီးချင်း
အင်တာဗျူးပြီးနောက် နှုတ်ဆက်စကားမပြောခင်မှာ ကိုယ့်ကိုအခုလိုအချိန်ပေးပြီး စကားပြောခွင့်ပေးလို့ ကျေးဇူးတင်ရပါတယ်ဆိုတဲ့အကြောင်း ထည့်သွင်းပြောသင့်ပါတယ်။ သင့်ကို ဒီလိုမျိုးခေါ်တွေ့တယ်ဆိုတာက CV မှာပါတဲ့ သင့်အရည်အချင်းတွေနဲ့ သင့်လုပ်ပုံကိုင်ပုံတွေကို စိတ်ဝင်စားမှုရှိလို့သာ သူ့အချိန်တွေကိုဖဲ့ပေးပြီး သင့်အတွက် အချိန်ပေးထားတာပါ။ ဒီတော့ သင့်ကိုအလုပ်ခန့်သည်ဖြစ်စေ၊ မခန့်သည်ဖြစ်စေ ကျေးဇူးတင်စကားလေးတော့ လှိုက်လှိုက်လှဲလှဲပြောပေးပါ။

(၂) လက်ဆောင်ပေးတဲ့သူကို
လက်ဆောင်ရတယ်ဆိုတာ အတော်လေးပျော်ဖို့ကောင်းတယ် မဟုတ်ပါလား။ ကိုယ်ကတောင်းဆို ထားလို့ပဲဖြစ်ဖြစ်၊ တစ်ဖက်လူကိုက ပေးချင်စိတ်ရှိလို့ သင့်ကိုရည်ရွယ်ပြီးပဲ ပေးပေး၊ ကြည်နူးဖို့ကောင်းပါတယ်။ ဒီအချက်က သူ့စိတ်ထဲမှာ သင့်ကိုစဉ်းစားပေးလေ့ရှိသူလို့ တွေးလို့ရပါတယ်။ ဟုတ်တယ်လေ။ သူ့စိတ်ထဲမှာ သင်သာမရှိဘူးဆိုရင် ဒီလိုမျိုးတွေပေးဖို့ စဉ်းစားမိမှာတောင် မဟုတ်ပါဘူး။ ဒီတော့ သူ့ကိုချက်ချင်းပြန်လုပ်ပေးရမှာက ပီတိဖြာနေတဲ့အပြုံးတွေနဲ့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားကို ပြောပေးဖို့ပါပဲ။ မေ့လို့ မဖြစ်ဘူးနော်။

(၃) တစ်စုံတစ်ယောက်က Recommendation Letter ရေးပေးတဲ့အခါ
ကိုယ်လုပ်ပုံကိုင်ပုံတွေကို သဘောကျတိုင်း အဲ့ဒီလူက ကိုယ့်အတွက် Recommendation Letter ရေးပေးချင်မှ ရေးပေးတာပါ။ ဒါပေမယ် သင့်မှာ Recommendation Letter ရေးပေးဖို့၊ တစ်ခုခုဆိုထောက်ခံကြောင်း ပြောဆိုပေးဖို့ အဆင်သင့်ရှိနေသူတွေရှိရင် သူတို့ကို ကျေးဇူးတင်စကားပြောဖို့ မမေ့သင့်ပါဘူး။ ဒီအတွက်လည်း သင်ဟာ အမြဲတစေ ရိုးရိုးသားသားနဲ့ ကြိုးစားအားထုတ်ဖို့လည်း လိုပါတယ်နော်။ ဒါမှလည်း သင့်ဘေးနားမှာ ဒီလိုလူတွေက အဆင်သင့်ရှိနေမှာပေါ့။

(၄) ကိုယ့်ကို ဦးစားပေးတဲ့သူရှိတဲ့အခါ
ဖြစ်လေ့ရှိတဲ့ အဖြစ်အပျက်တစ်ခုနဲ့ ပြောကြည့်ရအောင်ပါ။ အပေါ့သွားဖို့ အလျင်လိုနေတဲ့အချိန်မှာ ကိုယ့်အခြေအနေကိုသိလို့ သူ့အလှည့်အစား အရေးပေါ်ဖြစ်နေတဲ့ သင့်ကိုအရင်သွားခိုင်းလိုက်မျိုးက သိပ်ကို ကျေးဇူးတင်စရာမကောင်းပေးဘူးလား။ သင့်ပတ်ဝန်းကျင်မှာလည်း သင့်ကိုဦးစားပေးတဲ့သူတွေ တစ်ယောက်မဟုတ် တစ်ယောက်ရှိပါလိမ့်မယ်။

(၅) ဆိုးဆိုးကောင်းကောင်း အနားမှာ အမြဲရှိပေးသူတွေ
ဒီလိုလူတွေအများစုက ကိုယ့်နဲ့အနီးကပ်နေရသူတွေ ဖြစ်တတ်ပါတယ်။ အနီးဆုံးကလူတွေကို ကိုယ်တိုင်ကလည်း ပြောမနာ၊ ဆိုမနာတွေဆိုတော့ ကျေးဇူးတင်စကားပြောဖို့က တစ်မျိုးကြီး ဖြစ်ကောင်းဖြစ်နေမှာပါ။ သူစိမ်းဆန်တဲ့ စကားလို့လည်း ခံစားရပါလိမ့်မယ်။ ဘာကြီးပဲ ဖြစ်နေပါစေ။ ကျေးဇူတင်ကြောင်းပြောပေးမယ်ဆိုရင် ဘာဆိုးကျိုးမှ ရှိလာမှာမဟုတ်ပါဘူး။ ကျေးဇူးတင်စကားဆိုတာ “နင့်ရဲ့အပြုအမူတိုင်းအတွက် ငါအမှတ်တရရှိနေပါတယ်။ တခြားသူမရှိတောင် နင်တို့ရှိနေပေးလို့ ငါကျေးဇူးတင်တယ်”ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်လို့ပါပဲ။ ဥပမာ – လင်မယားစုံတွဲတွေလို ဆက်ဆံရေးတွေကြားမှာ ကျေးဇူးတင်ကြောင်း ပြောပေးတာမျိုးပေါ့။

ကျေးဇူးတင်ထိုက်သူကို ကျေးဇူတင်ကြောင်းပြောပြီး အသက်ရှင်ရတာ ပျော်ဖို့ကောင်းပါတယ်။

Photo Credit-Pinterest

NSC (Akhayar)