မိုးအေးအေးနဲ့ နားထောင်စရာ ထူးအိမ်သင်ရဲ့ ရှားပါးတေး (၅)ပုဒ်

မိုးအေးအေးနဲ့ နားထောင်စရာ ထူးအိမ်သင်ရဲ့ ရှားပါးတေး (၅)ပုဒ်

ဒီနေ့ကတော့ မိုးအေးအေးလေးနဲ့ သီချင်းနားထောင်လို့ကောင်းတဲ့ နေ့တစ်နေ့ပါပဲ။ ဒီလိုဆိုတော့ Akhayar-Lifestyle ရဲ့ ပရိသတ်ကြီးကို မြန်မာနိုင်ငံရဲ့ ဂီတမှော်ဆရာ ထူးအိမ်သင်ရဲ့ အကောင်းဆုံးသီချင်းတွေထဲကမှ လူသိမများပေမယ့် နားထောင်လိုက်တာနဲ့ စွဲသွားစေမယ့် သီချင်းတချို့ကို Feel စရာရှိတာ Feel ဖို့ အခုလို ဖော်ပြပေးလိုက်ပါတယ်။

ဇာတ်ပေါင်းခန်း
တေးရေးဆရာ မောင်သစ်မင်းက ရေးပေးထားပြီးတော့ ထူးအိမ်သင်ဟာ အတိတ်မြတ်ခင်းစိမ်းများသို့ အလွမ်း Album ထဲမှာ သီဆိုထားတာပဲဖြစ်ပါတယ်။ ဒီသီချင်းက လူတွေအားလုံးသိလောက်အောင် ပေါက်သွားတာမျိုးတော့ မဟုတ်ပေမယ့် တစ်ခါနားထောင်ပြီးရင် ထပ်ခါထပ်ခါ နားထောင်ချင်မိစေမယ့် သီချင်းပဲ ဖြစ်ပါတယ်နော်။

နန်းမိုးခမ်း
ရှမ်းပြည်နဲ့ ပတ်သက်ပြီး အလွမ်းဇာတ်လမ်းလေးရှိခဲ့ဖူးတယ်ဆိုရင်တော့ မျက်ရည်တွေတောင် ဝဲလာမိမယ်ထင်ပါတယ်။ ဒီသီချင်းလေးဟာ အဆိုတော် အောင်မြင်ရဲ့ သီချင်းလေးဖြစ်ပြီး စောဘွဲ့မှူးက ရေးသားခဲ့တာပါ။ ထူးအိမ်သင်က ပြန်လည်သီဆိုခဲ့ပြီး နားထောင်လို့ကောင်းတဲ့ သီချင်းလေးတစ်ပုဒ်အဖြစ် ရင်မှာစွဲကျန်စေခဲ့မှာတောင် အမှန်ပါပဲ။ ဒီသီချင်းကလည်း လူတိုင်းသိတဲ့သီချင်းမဟုတ်တာတော့ သေချာပါတယ်။

အဖေ
ထူးအိမ်သင်ဟာ မိခင်ကိုပဲ တမ်းတခဲ့တဲ့သူမဟုတ်ပါဘူး။ သူ့ဆီမှာ ဖခင်ကိုတမ်းတတဲ့ သီချင်းလေးတစ်ပုဒ် ရှိပါတယ်။ ဒီ အဖေဆိုတဲ့သီချင်းလေးဟာ ထူးအိမ်သင်ရဲ့ ရှားပါးတေးထဲမှာ တစ်ပုဒ်အပါအဝင်ဖြစ်ပါတယ်။ တေးရေး ညီညီသွင်က ရေးသားသီကုံးပေးခဲ့တာပါ။

မိုးတိမ်တွေအကြောင်း
ဒီသီချင်းကလည်း ထူးအိမ်သင်ရဲ့ အကောင်းဆုံးသီချင်းတစ်ပုဒ်ပါပဲ။ နားထောင်ကြည့်လိုက်တာနဲ့ လွမ်းစရာမရှိရင်တောင် လွမ်းသွားဖို့ အာမခံပါတယ်။ ဒါပေမယ့် လူတိုင်းမသိတဲ့သီချင်းပေါ့။ စာသားကတော့ ကေအေတီရေးထားပြီးတော့ သံစဉ်ကတော့ မောင်မောင်ဇော်လတ်ရဲ့ သံစဉ်ပါ။ ရောင်စုံချောကလက်အခွေထဲက သီချင်းလေးပါ။ အခုလို မိုးတွေအေးနေတဲ့အချိန်မျိုးလေးနဲ့ အလိုက်ဖက်ဆုံးပေါ့။

သံဃောဇဉ်သံသရာ
ဒီသီချင်းလေးကတော့ တေးရေး ညီညီသွင် ရေးစပ်ထားခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ရှားပါးသီချင်းတွေဖြစ်တော့ Youtube ထဲမှာ ရှာရတာလည်း ခက်တော့ ဒီ Link ထဲမှာက ရေး၊ ဆို ထူးအိမ်သင်ဆိုပြီး မှားယွင်းနေတာကိုလည်း တွေ့ရပါတယ်။ ဒီသီချင်းလေးကတော့ သံဃောဇဉ်အကြောင်းတွေ ကြားရမှာပါ။ တကယ် ကောင်းလွန်းတဲ့သီချင်းမို့လို့ ချန်ထားခဲ့လို့ မရနိုင်ပါဘူး။ မိုးတွင်းနဲ့ လိုက်ဖက်တဲ့အထဲ ဒီသီချင်းလေးလည်း ပါပါတယ်။ နားထောင်ကြည့်လိုက်ပါဦး။

ဒီတော့ ဒီနေ့ မိုးအေးအေးလေးနဲ့ နားထောင်စရာသီချင်းတွေ ရသွားပြီထင်ပါတယ်နော်။ ပြီးတော့ ဒီသီချင်းတွေကလည်း လူတိုင်းမသိတဲ့ရှားပါးတေးတွေဖြစ်လို့ တန်ဖိုးရှိပါတယ်။ ပြီးတော့ ထူးအိမ်သင်ရဲ့ သီချင်းတွေဖြစ်နေတော့ ဘယ်ပြောကောင်းမလဲနော်။ အားလုံးပဲ ချမ်းမြေ့ကြပါစေ။ သီချင်းလေးတွေ အတူတူနားထောင်မယ်နော်။

Moethaesay (Akhayar)