စဉ်းစားတွေးခေါ်တတ်တဲ့ခေါင်းဆောင်တွေရဲ့အမူအကျင့် ( ၆ ) ချက်

စဉ်းစားတွေးခေါ်တတ်တဲ့ခေါင်းဆောင်တွေရဲ့အမူအကျင့် ( ၆ ) ချက်

လောကကြီးမှာလူတိုင်းခေါင်းဆောင်ဖြစ်နိုင်ပေမယ့် ခေါင်းဆောင်တိုင်းတော့ ခေါင်းဆောင်ကောင်းမဖြစ်နိုင်ဘူး။ ခေါင်းဆောင်ကောင်းတွေမှာ ထူးခြားတဲ့ အကျင့်စရိုက်တွေ ၊ အလေ့အထတွေရှိတတ်ကြတယ်။ ဒီထဲမှာမှခေါင်းဆောင်ကောင်းတော်တော်များများဟာ စဉ်းစားတွေးခေါ်တတ်တယ်။ တွေးတတ်ခေါ်တတ်လို့လည်း လူတွေအများကြီးကိုဦးစီးဦးဆောင်နိုင်တာပေါ့။ ဒီတော့အတွေးအခေါ်မြင့်တဲ့ခေါင်းဆောင်တွေမှာ ဘယ်လိုအမူအကျင့်တွေရှိတတ်လဲ –

သူတို့တွေက လေ့လာကြည့်ရှုနေတတ်တယ်
တွေးခေါ်တတ်တဲ့ခေါင်းဆောင်တွေက ကြည့်ရှုပြီးတော့နားထောင်တဲ့နေရာမှာတော့ ဆရာတွေဖြစ်ကြတယ်။ သူတို့က သူတို့နားမှာဖြစ်နေတဲ့အရာတွေအားလုံးကိုကြည့်ပြီး လူတွေပြောသမျှကို သေသေချာချာနားထောင်နေတတ်တယ်။ လူတွေဘယ်လိုပြုမူတယ် ၊ ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေတယ်ဆိုတာကို စိတ်ဝင်တစားကြည့်ရှုလေ့လာနေတတ်တယ်။ လူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာလည်း သူတို့နဲ့စကားပြောနေတဲ့သူရဲ့လေသံ ၊ စကားပြောပုံနဲ့ ခံစားချက်တွေကို သတိထားပြီးနားထောင်တတ်တယ်။ ဒါကြောင့်သူများတွေသတိမပြုမိတဲ့ အချက်လေးတွေကို သူတို့တွေပဲသတိထားမိတာဖြစ်မယ်။

သူတို့ကစူးစမ်းကြတယ်
တွေးခေါ်တတ်တဲ့ခေါင်းဆောင်တွေရဲ့ သဘာဝကိုက စပ်စုတာဖြစ်တယ်တဲ့။ သူတို့ရဲ့ဗဟုသုတလိုချင်တဲ့စိတ်ဆန္ဒက စိတ်တံခါးတွေဖွင့်ထားဖို့ တွန်းအားပေးပြီး သာမန်ကိစ္စတွေကိုလည်းလေ့လာပိုင်းခြားတဲ့အပြင် ဖြစ်နိုင်ခြေရှိတဲ့ တွေးခေါ်ယူဆချက်တွေကို စဉ်းစားတွေးခေါ်စေတယ်။ သူတို့တွေက အင်တာနက်က ဝက်ဘ်ဆိုက်တွေပေါ်မှာ သတင်းအချက်အလက်တွေကိုနာရီပေါင်းများစွာကြည့်နိုင်တယ်။ သူတို့အတွက် ဘာလို့လဲ ၊ ဘာကြောင့်လည်း ၊ ဘာအတွက်လဲ စတဲ့မေးခွန်းတွေကိုမေးတာက အကျင့်လိုကိုဖြစ်နေတယ်။ စကားပြောရင်သူတို့ကသေချာနားထောင်ပြီး ပြောတာကိုစိစစ်နေတတ်တယ်။ သူတို့အတွက် အတွေးတိုင်းက တန်ဖိုးရှိတယ်။ ဒါကြောင့်ကိုယ်တွေလည်း တွေးနေကျဘောင်ထဲကထွက်ပြီး အပြင်ကနေတွေးကြည့်သင့်တယ်။

သူတို့ကပြန်ပြီးသုံးသပ်တယ်
ဒီမှာပြောချင်တာက သူတို့ကတွေးတောရတာကိုအရမ်းကြိုက်တဲ့အတွက် ဆုံးဖြတ်ချက်တွေချခါနီးဆိုရင်လည်း စိတ်ထဲမှာက ဖြစ်နိုင်ခြေအဖြေအများကြီးစဉ်းစားပြီးသားဖြစ်တယ်။ ဒီတော့သူတို့ဘယ်တစ်ခုကိုရွေးပြီးဆုံးဖြတ်မယ်ဆိုတာကို သူတို့ကအချိန်ယူပြီးသုံးသပ်ကြတယ်။ လူတစ်ယောက်ရဲ့မေးခွန်းကို မြန်မြန်လေး “No” လို့ဖြေလိုက်တာထက် အချိန်ယူပြီးမှ “Yes” လို့ဖြေတတ်ကြတယ်။ သူတို့ရဲ့ဆုံးဖြတ်ချက်တိုင်းက သေချာသုံးသပ်ထားတာကြောင့် လေးနက်တယ်။

သူတို့ကသင်ယူကြတယ်
အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ တွေးခေါ်တတ်တဲ့ခေါင်းဆောင်တွေက ဗဟုသုတကိုအမြဲရှာနေတာမို့လို့ သူတို့တွေက စာဖတ်ရမှာ ၊ ဆွေးနွေးပြောဆိုရမှာ ၊ နက်နဲတဲ့အတွေးအခေါ်တွေ ၊ အယူအဆတွေကို မှတ်သားရမှာကို ကြိုက်တယ်။ တစ်နည်းပြောရရင် သင်ယူရတာကို ကြိုက်တဲ့သူတွေဖြစ်တယ်ပေါ့။ ဗဟုသုတတွေဘယ်လောက်များများ သူတို့အတွက်တော့လုံလောက်တယ်ဆိုတာမရှိဘူး။ သူတို့မှာကသင်နေရတာကိုပျော်နေတာ။ သူများတွေအပေါ်အရမ်းစိတ်ဝင်စားတာကလည်း သူတို့ရဲ့နားလည်ချင်တဲ့စိတ်ဆန္ဒကြောင့်ဖြစ်လာတာ။ တွေးခေါ်တတ်တဲ့ခေါင်းဆောင်တိုင်းက လူတွေကိုနားလည်ချင်ပြီး သူတို့ကိုတိုင်လည်း လူတိုင်းဆီကသင်ယူချင်ကြတယ်။

သူတစ်ပါးအတွက်တွေးပေးတယ်
တွေးခေါ်တတ်တဲ့ခေါင်းဆောင်တွေက ဗီဇကိုက စာနာထောက်ထားတတ်တာဖြစ်တယ်။ သူတို့ကလူသားမျိူးနွယ်ကိုချစ်မြတ်နိုးပြီး လူသားတွေရဲ့အပြုအမူတွေနဲ့ပတ်သက်ရင်အရမ်းစိတ်ဝင်စားကြတယ်။ သူတို့ပတ်ဝန်းကျင်ကလူတွေကိုလည်း ဒီလူတွေကအရေးပါပြီ တန်ဖိုးရှိတဲ့လူတွေဖြစ်တယ်လို့ ခံစားရအောင်လုပ်ပေးတယ်။ သူတို့ကတစ်ခြားသူရဲ့ရှုထောင့်ကနေ ကြည့်မြင်တတ်တယ်။ ဒါကြောင့်လည်းလူတွေကိုနားလည်ပေးနိုင်တာပေါ့။

သူတို့ကလက်တွေ့အကောင်အထည်ဖော်ကြတယ်
တွေးခေါ်တတ်တဲ့ခေါင်းဆောင်တွေကတွေးရတာကို သဘောကျတယ်ဆိုပေမယ့် တွေးတဲ့နေရာမှာပဲရပ်နေတဲ့သူတွေတော့မဟုတ်ပါဘူး။ သူတို့ရဲ့လက်ရာမြောက်တဲ့အတွေးတွေကို လက်တွေ့အကောင်အထည်ဖော်ကြတာ တွေးခေါ်တတ်တဲ့ခေါင်းဆောင်တွေရဲ့ အမူအကျင့်ပါ။ တွေးပဲတွေးပြီး ပြင်ပမှာလက်တွေ့အကောင်အထည်မဖော်တာက အလကားပဲဆိုတာကို သူတို့နားလည်ကြတယ်။ သူတို့ကလူတွေကိုဒီအတွေးတွေကြားမှာပဲလေလုံးမထွားဘူး။ ဘယ်အချိန်မှာအတွေးတွေကိုအကောင်အထည်ဖော်ပြီး ကြီးကျယ်တဲ့အရာတွေဖန်တီးရမလဲသိတယ်။

ဒီတော့သင့်မှာလည်းဒီလိုလက္ခဏာတွေရှိနေပြီဆိုရင် သင်လည်းတွေးခေါ်တတ်တဲ့သူတစ်ယောက်ဖြစ်နေပြီလို့ ယူဆလို့ရပါတယ်။ မရှိသေးဘူးဆိုရင်တောင် ဒီအရာတွေက ကျင့်ယူလို့ရတဲ့အမူအကျင့်တွေဖြစ်လို့ ဘယ်အချိန်မဆို စပြီးလုပ်ဆောင်လို့ရတယ်လို့ ပြောချင်ပါတယ်။

Piki (Akhayar)