အရမ်းချောလွန်းနေတဲ့ ဒုက္ခဆိုတာ ဘာများလဲ

အရမ်းချောလွန်းနေတဲ့ ဒုက္ခဆိုတာ ဘာများလဲ

လူတွေကမွေးကတည်းက ချောတဲ့သူတွေဆို “နင်သိပ်ကံကောင်းတာပဲ” ဆိုပြီးပြောကြတယ်။ ဒါပေမယ့် ချောတိုင်းမကောင်းဘူးဆိုတာ ရှင်တို့သိကြရဲ့လား။ မသိရင်နားထောင်… ကျွန်မပြောပြမယ်။

တစ် – ချောလွန်းနေတာက ယောကျ်ားလေးတွေ ကိုယ့်ကိုရှိန်စေတယ်။


ယောကျ်ားလေးတွေက ကောင်မလေးတစ်ယောက် အရမ်းကြီးချောနေလွန်းရင် ကိုယ်ကကြိုက်တယ်ဆိုရင်တောင်မှ သူ့ကိုလိုက်ဖို့နည်းနည်းတော့ရှိန်တတ်ကြတယ်။ ဒီကောင်မလေးငါ့ကိုမှပြန်ကြိုက်ပါ့မလား။ သူကသူ့လောက်နီးနီး မဟုတ်လည်း သူ့ထက်ချောတဲ့သူကိုမှ ပြန်ကြိုက်မှာပေါ့ဆိုပြီး တွေးတတ်ကြတယ်။ ဒါပေမယ့် မိန်းကလေးဆိုတာ ချောချောမချောချော ကိုယ့်ကိုဂရုစိုက်မယ့် ယောကျ်ားလေးကိုပဲလိုချင်တယ်ဆိုတာပါ။ ချောတဲ့မိန်းကလေးပဲဖြစ်ဖြစ် သိပ်မချောတဲ့မိန်းကလေးဖြစ်ဖြစ် ကိုယ့်ကိုချစ်တဲ့သူကိုတော့လိုချင်တာပါပဲ။

နှစ် – ကိုယ်ကရုပ်မချောတဲ့သူတွေအတွက် ခြိမ်းခြောက်မှုဖြစ်နေတတ်တယ်


ရုပ်သာမချောတယ် ၊ သဘောကောင်းပြီး ကြင်နာတတ်တယ် ၊ စိတ်ထားလည်းကောင်းတဲ့သူတွေက ကိုယ့်ကို ချဉ်းကပ်ဖို့ကြောက်နေတာက ဝမ်းနည်းစရာပါ။ သူတို့က ကိုယ့်နားမှာလာနေရင် ကိုယ့်လောက်နီးနီးမချောဘူးဆိုတဲ့အချက်ကို သတိရနေလို့ ကိုယ်နဲ့သူငယ်ချင်းမဖြစ်ချင်တာတွေ ဘာတွေဖြစ်တတ်တာ ရုပ်ချောတဲ့သူတွေကို စိတ်မကောင်းဖြစ်စေတယ်။ ကိုယ်သာရုပ်ရည်အသင့်အတင့်နဲ့ အသေချောနေတာမဟုတ်ရင် သူနဲ့ကိုယ်နဲ့သူငယ်ချင်း မဟုတ်လည်း ချစ်သူတွေဖြစ်ရင်ဖြစ်နေလောက်ပြီ။ ဒါပေမယ့် ကိုယ်ကအရမ်းချောနေရင် လူတွေက ကိုယ့်ကိုပဲငေးနေပြီး ကျောက်ရုပ်ကြီးလိုဖြစ်သွားရင်တော့ ရုပ်ချောတိုင်းလည်း မကောင်းတော့ဘူးလေ။

သုံး – ရုပ်ချောတဲ့သူတွေက တုံးတယ်လို့ထင်ကြတယ်


ကိုယ်ကရုပ်ချောတာနဲ့ပဲ လူတွေကကိုယ့်ကိုတုံးတယ်လို့ တသမတ်တည်းတွေးထင်တတ်ကြတယ်။ တကယ်က ရုပ်ချောတဲ့သူတိုင်း မိတ်ကပ်တွေဖို့ ၊ အလှပြင်ထိုင်ခုံမှာ နာရီပေါင်းများစွာထိုင်ပြင်ပြီး လှဖို့အတွက်ပဲ အချိန်ဖြုန်းနေတာ မဟုတ်ပါဘူး။ ချောတဲ့သူတွေလည်း တွေးခေါ်တတ်တယ်။ ချောတဲ့သူတွေမှာ ပညာတတ်တွေလည်းပါတယ်ဆိုတာကို လက်ခံဖို့လိုပါတယ်။

လေး – လူတွေက ကိုယ့်ကိုဆုတစ်ခုလိုသဘောထားကြတယ်


တချို့ယောကျ်ားလေးတွေက ရုပ်အရမ်းချောပြီး အရမ်းဟော့ဖြစ်တဲ့ကောင်မလေးတွေနဲ့တွဲချင်ကြတယ်။ ဘာလို့လဲဆိုတော့ ငါ့စော်ကအရမ်းမိုက်တယ် ၊ မင်းတို့စော်တွေငါ့စော်လောက်လန်းလား ၊ ငါ့လိုစော်လန်းလန်းလေးရှာနိုင်လားဆိုတဲ့ ဂုဏ်ကိုတပ်မက်လို့ဖြစ်တယ်။ ရုပ်ချောတဲ့သူတွေက ဆုတစ်ခုမဟုတ်ပါဘူး ၊ ဂုဏ်ပုဒ်တစ်ခုလည်း မဟုတ်ပါဘူး။ ကိုယ့်ရဲ့လှပမှုကြောင့် ကိုယ့်ကိုလိုချင်တာက အရမ်းကို ဝမ်းနည်းဖို့ကောင်းပါတယ်။ ကိုယ့်မှာလှပတာအပြင် တခြားအရည်အချင်းတွေအများကြီးရှိသေးတယ်ဆိုတာ ရုပ်ချောတဲ့သူတွေ တခြားသူတွေကို သိစေချင်တဲ့အရာဖြစ်တယ်။

ငါး – ရုပ်ကိုအားကိုးဖို့ ပတ်ဝန်းကျင်ကတွန်းအားပေးတာ


တစ်ခါတစ်လေမှာ ရုပ်ချောတာနဲ့တင် တချို့ကိစ္စတွေက ကိုယ်တောင်အားထုတ်ပြီး မဖြေရှင်းလိုက်ရဘဲ ပြေလည်သွားတာတွေဖြစ်တယ်။ သာမန်လူတစ်ယောက်အတွက် ခက်ခဲတဲ့ပြဿနာတွေက ကိုယ့်အလှည့်ကျမှ ကိုယ့်ရဲ့ရူပါ အရမ်းကြီးတွေလန်ပျံနေတော့ ဘာမှတောင် မလုပ်လိုက်ရဘဲ ပြေလည်သွားတယ်။ ဒီလိုဖြစ်တာက ကိုယ့်အတွက် ရင်ဆိုင်ဖြေရှင်းရမယ့် ဘဝကပေးတဲ့အခွင့်အရေးတွေကို လက်လွတ်သွားစေတဲ့အပြင် လူတွေက ကိုယ့်အရည်အချင်းထက် ကိုယ့်ရုပ်ကိုပိုကြည့်တာကို သိလာရရင် အရည်အချင်းပေါ်ကို အားကိုးချင်စိတ်တွေ ပျောက်ဆုံးလာစေတယ်။

ခြောက် – ရူးကြောင်ကြောင်လူတွေ စွဲလမ်းလို့ ကွိုင်တက်တယ်


တချို့လူတွေ ၊ အရမ်းကြောင်တောင်တောင်နိုင်တဲ့လူတွေ ၊ အရူးတွေဘာတွေဆိုရင် ရုပ်ချောလွန်းတဲ့သူကို သူတို့သဘောကျရင် အဲဒီလူနောက်တစ်ကောက်ကောက်လိုက်ကြတယ်။ ကျွန်မကိုယ်တွေ့ဖြစ်ဖူးတာက လမ်းထဲမှာအရမ်းချောတဲ့အမကြီးတစ်ယောက်နောက်ကို လမ်းထဲက အရူးက နေ့ရောညရောလိုက်နေတာကိုမြင်ဖူးတာ။ ကျောင်းသွားလည်းလိုက်တယ် ၊ ဈေးထွက်ဝယ်လည်းလိုက်တယ် ၊ ညဆိုအဆောင်ရှေ့ထိုင်စောင့်နေတယ်။ ကြာတော့ဟိုအမကြီးလည်း မခံစားနိုင်လို့ ကျွန်မတို့ရပ်ကွက်ကပြောင်းသွားတယ်။ ဒါကြောင့်အရမ်းချောလွန်းတဲ့ မိန်းကလေးတွေမှာလည်း ဒီလိုအန္တရာယ်တွေကြုံရတတ်တယ်။
ထပ်ပြီးတော့စဉ်းစားပြီး ကတ်ပတ်ပြောချင်ရင်ပြောလို့ရပါသေးတယ်။ ဒါပေမယ့် ဒါတွေက အရမ်းချောလွန်းတဲ့သူတွေ ခံစားရတဲ့ ပုံမုန်ကိစ္စတွေဖြစ်တယ်။ ဒါကြောင့်ချောလွန်းရင်လည်း ကောင်းတယ်မထင်လိုက်ပါနဲ့။ ချောလွန်းတဲ့သူတွေမှာလည်း သူ့ဒုက္ခနဲ့သူရှိတယ်ဆိုတာ သိစေချင်ပါတယ်။

Piki (Akhayar)