ကမ္ဘာ့သြဇာအကြီးမားဆုံးလုပ်ငန်းရှင်ကြီးတွေရွေးချယ်ဝတ်ဆင်တဲ့ လက်ပတ်နာရီမျာ

ကမ္ဘာ့သြဇာအကြီးမားဆုံးလုပ်ငန်းရှင်ကြီးတွေရွေးချယ်ဝတ်ဆင်တဲ့ လက်ပတ်နာရီမျာ

အမျိုးသားတစ်ယောက်အတွက် ကိုယ်ရေကိုယ်သွေးအပြင် သူ့ရဲ့ လက်ပတ်နာရီဟာလည်း သူ့ရဲ့ ဂုဏ်အဆင့်အတန်းကို ပြသတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ သပ်သပ်ရပ်ရပ်ဝတ်စားပြီး နာရီကောင်းကောင်းတစ်လုံးသာ ပတ်လိုက်ရင်ဖြင့် အမျိုးသားတစ်ယောက်အတွက် ဖက်ရှင်က ပြည့်စုံနေပါပြီ။

နာရီကို ဒီလိုမျိုး အမျိုးသားတွေအပြင်၊ အမျိုးသမီးတွေလည်း ဆင်မြန်းလေ့ရှိပြီး ကမ္ဘာကျော်လုပ်ငန်းရှင်ကြီးတွေနဲ့ သူကြွယ်ကြီးတွေအတွက်လည်း ခေတ်စကားနဲ့ ပြောရင် နာရီက အသက်ပါ။

ဘဏ်ဝန်ထမ်းတွေဆိုရင် သူတို့ရဲ့ ပထမဆုံး Bonus ကို Omega ဝယ်ဝတ်တတ်ကြပြီး ကုမ္ပဏီဝန်ထမ်းတွေဆိုရင်တော့ Rolex ကို ရွေးချယ်လေ့ရှိပါသတဲ့။ ှနာမည်ကျော်ဆီလီကွန် Valley က နည်းပညာသမားတွေကတော့ Apple Watch လေးတွေနဲ့ပေါ့။

Luxury Watch တွေကို ရောင်းတဲ့ Online Secondhand Market ဖြစ်တဲ့ Crown & Caliber ရဲ့ CEO Hamilton Powell ကတော့ “နာရီဆိုတာ စကားလုံးတွေ မလိုဘဲ တစ်ခုခုပြောပြနိုင်တဲ့အရာ” လို့ ခိုင်းနှိုင်းခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့သြဇာအကြီးဆုံး လုပ်ငန်းရှင်ကြီးနဲ့ သူဌေးကြီးတွေက သူတို့ကို ကိုယ်စားပြုတဲ့ နာရီတွေကို ဘယ်လို ရွေးချယ် ဝတ်ဆင်သလဲဆိုရင်တော့

Barclays ဘဏ်ရဲ့ CEO Jes Staley

Barclays Bank ရဲ့ CEO အဖြစ် ၂၀၁၅ ခုနှစ်တည်းက လုပ်ဆောင်တဲ့ Jes Staley ဟာ ဘဏ်ရဲ့ ဘဏ်လုပ်ငန်းအပိုင်းရင်းနှီးမြှုပ်နှံမှှုမှာ ပိုပြီးအာရုံစိုက်ဖို့ တွန်းအားပေးနိုင်မှုနဲ့ ချီးကျူးလေးစားခံရသူလည်း ဖြစ်ပါတယ်။ Staley ရဲ့ နာရီကတော့ Panerai Luminor Marina PAM 111 ဖြစ်ပြီး ဒေါ်လာ ၈,၇၀၀ ခန့်တန်ကြေးရှိပါတယ်။ Panerai ဟာ အီတလီနာရီအမှတ်တံဆိပ်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာ အီတလီစစ်တပ်ရဲ့ ကားမောင်းသမားတွေအတွက် နာရီထုတ်လုပ်ပေးမှုနဲ့ နာမည်ကြီးတဲ့ အမှတ်တံဆိပ်လည်း ဖြစ်ပါတယ်။

Amazon ရဲ့ Chairman နဲ့ CEO ဖြစ်တဲ့ Jeff Bezos

Amazon ကို ၁၉၉၄ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Bezos ဟာ ကမ္ဘာ့အချမ်းသာဆုံး လူသားတစ်ယောက်လည်း ဖြစ်ပါတယ်။ သူပတ်တဲ့ နာရီအမျိုးအစားကတော့ Ulysse Nardin GMT Big Date ဖြစ်ပြီး ဒေါ်လာ ၇,၈၀၀ လောက် တန်ပါတယ်။ Bezos ဟာ Ulysse Nardin နာရီအမျိုးအစားကို မကြာခဏဝတ်လေ့ရှိသူလည်း ဖြစ်ပါတယ်။

IBM ရဲ့ Chairman နဲ့ CEO Ginni Rometty

Rometty ရဲ့ IBM ရဲ့ ပထမဆုံးအမျိုးသမီးထိပ်သီးခေါင်းဆောင်ဖြစ်ပြီး ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့တာ နှစ်ပေါင်း ၃၅ နှစ်ကျော်ရှိပြီ ဖြစ်ပါတယ်။ Systems Engineer အနေနဲ့ ၁၉၈၁ ခုနှစ်မှာ IBM ကို အလုပ်စဝင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ CEO ဖြစ်လာခဲ့ပါတယ်။ သူကတော့ Rolex ချစ်သူ ဖြစ်ပြီး ဒေါ်လာ ၂၃၃၅၀ တန် Rolex Cellini Cellissima အမျိုးအစားကို ဝတ်ဆင်သူပါ။ နာရီဒိုင်ခွက်ကို စိန်တွေနဲ့ စီခြယ်ထားပြီး ခန့်ငြားလှပမှုအပြည့်ရှိပါတယ်။

Pepsi ရဲ့ CEO ဟောင်း Indra Nooyi

Nooyi ဟာ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး အမျိုးသမီး Executive တွေထဲက တစ်ယောက်လို့ သိကြပြီး နှစ်ပေါင်း ၁၅ နှစ်ကျော်ကြာ Pepsi နဲ့ လက်တွဲအလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က Forbes ရဲဲ့ Most Powerful Women စာရင်းမှာ နံပါတ် ၁၃ ရရှိခဲ့သူလည်း ဖြစ်ပြီး လက်ရှိမှာလည်း Amazon မှာ Director အနေနဲ့ တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ သူ့ရဲ့ နာရီအမျိုးအစားကတော့ Cartier Tank Francaise အမျိုးအစားဖြစ်ပြီး ဒေါ်လာ ၄,၆၀၀ လောက်တန်ကြေးရှိပါတယ်။

Apple ရဲ့ CEO Tim Cook

ကမ္ဘာ့တန်ဖိုးအရှိဆုံး Brand အနေနဲ့ သတ်မှတ်ထားတဲ့ Apple ကုမ္ပဏီရဲ့ Tim Cook ဟာ CEO မဖြစ်ခင်က Chief Operating Officer (COO) အနေနဲ့ လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ စိတ်ကြိုက်ကတော့ သိတဲ့အတိုင်း Apple Watch ဖြစ်ပြီး သူ့ကို Apple Watch နဲ့ တူတူ အမြဲလို တွဲတွေ့ရတတ်ပါတယ်။ သူဝတ်တဲ့ Apple Watch Series 4 ဟာ Apple Website မှာ ဒေါ်လာ ၃၉၉ ကနေ ဒေါ်လာ ၇၉၉ အတွင်း ရောင်းချနေပါတယ်။

Bloomberg ရဲ့ CEO Michael Bloomberg

Bloomberg ရဲ့ CEO လည်းဖြစ်၊ နယူးယောက်မြို့တော်ဝန်ဟောင်လည်း ဖြစ်တဲ့ Michael Bloomberg ဟာ သမ္မတနေရာအတွက် ရွေးကောက်ပွဲဝင်မယ်လို့တောင် သတင်းကြီးနေသူဖြစ်ပါတယ်။ သူ့ရဲ့ နာရီအမျိုးအစားကတော့ Victorinox Swiss Army ဖြစ်ပြီး ဒီကုမ္ပဏီဟာ Swiss Army Knives တွေ ထုတ်လုပ်မှုနဲ့ နာမည်ကြီးပြီး Bloomberg ရဲ့ နာရီကတော့ ဒေါ်လာ ၅၀၀ ကျော်လောက် တန်ဖိုးရှိပါတယ်။

Uber ရဲ့ CEO Dara Khosrowshahi

Uber ရဲ့ လက်ရှိ Dara Khosrowhahi ကတော့ Uber ကနေ Travis Kalanick ထွက်ခွာအပြီး ၂၀၁၇ ခုနှစ်မှာ တာဝန်ယူခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ဦးဆောင်မှုအောက်မှာ Uber ရဲ့ ဈေးကွက်နယ်ချဲ့ရေးဟာ တဖြည်းဖြည်းပျော့ပြောင်းသွားသလို အနာဂတ်မှာလည်း အများပြည်သူသွားလာပို့ဆောင်ရေးအတွက် အစီအစဉ်သစ်တွေ စလုပ်ဖို့ ပြင်ဆင်နေပါတယ်။ Dara Khosrowhahi ရဲ့နာရီကတော့ Chopard Mille Miglia 16/8997 အမျိုးအစား ဖြစ်ပြီး အီတလီက ဂန္တဝင်ကားပြိုင်ပွဲ Mille Miglia ကို ဂုဏ်ပြုတဲ့ ဆွစ် Classic နာရီအမျိုးအစား ဖြစ်ပါတယ်။ နာရီရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၅,၆၅၀ ဝန်းကျင်လောက် ဖြစ်ပါတယ်။

LinkedIn ရဲ့ CEO Jeff Weiner

Jeff Weiner ဟာ LinkedIn ရဲ့ CEO အဖြစ် ၂၀၀၉ ခုနှစ်တည်းက လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာတော့ Microsoft က LinkedIn ကို ဒေါ်လာ ၂၆.၂ ဘီလီယံနဲ့ ဝယ်ယူခြင်းခံခဲ့ရပါတယ်။ သူပတ်တဲ့ နာရီအမျိုးအစားကတော့ Audemars Piguet Royal Oak ဖြစ်ပြီး ဒီနာရီကို ကြိုက်ကြတဲ့သူတွေကတော့ Rapper တွေ ဖြစ်တဲ့ Jay-Z နဲ့ Kanye West တို့ပဲ ဖြစ်ပါတယ်။ Weiner ရဲ့ နာရီအမျိးအစားကတော့ ဒေါ်လာ ၂၂၀၀၀ ဝန်းကျင်လောက် ရှိပါတယ်။

တကယ့်လုပ်ငန်းရှင်ကြီးတွေရဲ့ နာရီဟာ သူတို့ရဲ့ ပိုင်ဆိုင်မှု၊ သူတို့ရဲ့ ဝင်ငွေနဲ့ စာရင် တန်ဖိုးသိပ်မများတာကို တွေ့ရှိရတဲ့အတွက် သူတို့ဟာ သူတို့အကြိုက်၊ သူတို့နဲ့ လိုက်ဖက်တာကိုပဲ ရွေးချယ်ဝတ်ဆင်တာလို့ ကောက်ချက်ချလို့ ရပါတယ်။

Yoe Lu (Akhayar)
Source: Business Insider