ဒီအရာတွေကိုယောကျ်ားလေးတိုင်းဘဝမှာတစ်ခါတော့လုပ်ဖူးသင့်တယ်

ဒီအရာတွေကိုယောကျ်ားလေးတိုင်းဘဝမှာတစ်ခါတော့လုပ်ဖူးသင့်တယ်

ဆောင်းပါးတွေတော်တော်များများမှာ မြင်လိုက်ရရင် မိန်းကလေးတွေတစ်သက်မှာတစ်ခါလုပ်ဖူးသင့်တဲ့အရာတွေ ၊ မိန်းကလေးတိုင်းမှာရှိသင့်တဲ့ အကျင့်စရိုက်လေးတွေလို ခေါင်းစဉ်တွေကိုပဲ အတွေ့များတော့ အပြောင်းအလဲလေးလည်းဖြစ်အောင် Gender Discrimination လုပ်သလိုလည်းမဖြစ်အောင်လို့ ယောကျ်ားလေးတွေ တစ်သက်မှာတစ်ခါလုပ်ဖူးသင့်တဲ့အရာတွေ ရေးဖို့စိတ်ကူးရလာတယ်။ ဒီတော့ယောကျ်ားလေးတွေအနေနဲ့ဘဝကြီးကိုရှင်သန်နေထိုင်ချိန်မှာ ဘာတွေလုပ်သင့်လဲ။

အမဲလိုက်ဖူးရမယ်
နှစ်ပေါင်းထောင်ချီတည်းက ကျွန်မတို့လူသားမျိုးန်ွယ်မှာ ယောကျ်ားသားတွေက စားဖို့သောက်ဖို့သားကောင်တွေရဖို့အတွက် အမဲလိုက်ခြင်းအလုပ်ကိုလုပ်ခဲ့ကြတယ်တဲ့။ ကျွန်မငယ်ငယ်ကတောင် အဖေကအဖိုးနဲ့အမဲလိုက်ထွက်တဲ့ ပုံပြင်တွေပြောပြတာနားထောင်ခဲ့ရတယ်။ အမဲလိုက်တာက တိရိစ္ဆာန်တွေကိုသတ်တာထက်ပိုပါတယ်။ အမဲလိုက်တယ်ဆိုတာက ကိုယ့်အတွက်ကိုယ် တစ်စုံတစ်ရာကို ဖြစ်မြောက်အောင်လုပ်တာပါ။ အမဲလိုက်တယ်ဆိုတာ သာမန်လူတွေသွားလေ့မရှိတဲ့နေရာတွေကို စွန့်စားသွားရတာ။ ယောကျ်ားလေးဖြစ်တာနဲ့အညီ သန်စွမ်းတဲ့ခန္ဓာကိုယ်ကိုလည်းပိုင်ဆိုင်တာကြောင့် တောကြီးမျက်မည်းထဲ လျှောက်သွားရင်လည်း အန္တရာယ်ကိုခုခံနိုင်စွမ်းရှိမှာမို့ သိပ်ပြီးစိတ်မပူရပါဘူး။ ဒါပေမယ့်အမဲလိုက်ဖို့က ဒီနိုင်ငံမှာလုပ်ဖို့မလွယ်ကူတာကြောင့် အဲဒီအစား တောတောင်ထဲ ညအိပ်ခရီးတွေသွားတာ ၊ Camp သွားတာတွေလုပ်ရင် လုပ်လို့ရပါတယ်။

ကိုယ်ရဲ့ယာဉ်ကို ကိုယ်တိုင်ပြင်ဖူးရမယ်
ဒီမှာကျွန်မယာဉ်လို့သုံးရတဲ့အကြောင်းအရင်းက ကောင်လေးတိုင်းမှာ ကားမရှိနိုင်တာမို့ပါ။ တချို့တွေက စက်ဘီးပဲစီးနိုင်တယ် ၊ တချို့ကြပြန်တော့ဆိုင်ကယ်တွေရှိကြတယ်။ ဒီတော့ဘာပဲရှိရှိ အဖေတို့ ဦးလေးတို့ဆီကနေ ကားဘယ်လိုပြင်ရမယ် ၊ စက်ဘီးဘယ်လိုပြင်ရမယ် ၊ ဆိုင်ကယ်ဘယ်လိုပြင်ရမယ်ဆိုတာမျိုးကို သင်ထားပြီး ကိုယ့်ရဲ့ကိုယ်ပိုင်ရလာတဲ့တစ်နေ့မှာ ကိုယ်တိုင်ပြင်ကြည့်သင့်တယ်။ ငယ်တုန်းမှာလည်း အိမ်ကကားတွေ ၊ ဆိုင်ကယ်တွေကို ပြင်ကြည့်ဖူးသင့်ပါတယ်။ ယောကျ်ားလေးဆိုရင် ဒါမျိုးတွေလုပ်တတ်ထားတာလည်းမဆိုးဘူးလေ။ တစ်နေ့အသက်တွေကြီးလာရင် ကိုယ့်ရဲ့သားလေးတွေ သမီးလေးတွေကိုလည်း ပြန်သင်ပေးလို့ရတာပေါ့။

တစ်ခုခုဆောက်ဖူးရမယ်
ယောကျ်ားလေးတစ်ယောက်အဖြစ်မွေးလာရင်တော့ တစ်ခုခုကိုတော့ဆောက်ဖူးမှာပဲ။ ငယ်ငယ်ကဆို အိမ်အရုပ်တွေ ၊ ဓားတွေ ၊ ကားအရုပ်တွေကို သစ်သားနဲ့ကိုယ့်ဟာကိုဆောက်ဖူးမှာပဲ။ သစ်သားမဟုတ်ရင်တောင် ဝါးနဲ့ဆောက်ဖူးကြမှာပဲ။ ယောကျ်ားလေးမပြောနဲ့ မိန်းကလေးဖြစ်တဲ့ကျွန်မတောင်ဝါးနဲ့မြားလုပ်ဖူးတယ်။ ယောကျ်ားလေးဖြစ်လာရင် ဘဝမှာတစ်ခုခုကိုတော့ဆောက်ဖူးသင့်တယ်။ ဥပမာ – ကိုယ့်စာအုပ်စင်ကို ကိုယ်တိုင်ရိုက်တာ ၊ ကိုယ့်ဟာကိုခြံစည်းရိုးခတ်တာ ၊ ခုံရိုက်တာ စတာတွေကိုလုပ်ဖူးသင့်ပါတယ်။

မြင်းကိုဒုန်းစိုင်းစီးဖူးရမယ်
မိန်းကလေးတွေအတွက် မြင်းဒုန်းစိုင်းစီးတာကိုလုပ်ဖို့ ပြောချင်ခဲ့ပေမယ် သိပ်မလိုက်လို့ လိုက်ဖက်တဲ့ယောကျ်ားလေးတွေအတွက် ပြောတာဖြစ်ပါတယ်။ ကိုယ့်ဘဝမှာတစ်ခေါက်လောက်တော့ မေမြို့ဖြစ်ဖြစ်သွားပြီး မြင်းကိုဒုန်းစိုင်းစီးဖြစ်အောင်စီးလိုက်ပါ။ အရင်က Cowboy တွေဘယ်လို ခံစားချက်မျိုးနဲ့စီးလည်းဆိုတာကိုတွေးပြီး ကိုယ်လည်း Cowboy တွေလိုမြင်းစီးတဲ့အရသာကိုခံစားကြည့်ပေါ့။

ရန်ဖြစ်ဖူးရမယ်
မကောင်းကျောင်းပို့တာတော့မဟုတ်ဘူးနော်။ ဒါပေမယ့်ကိုယ်ဟာယောကျ်ားလေးတစ်ယောက်ဆိုရင် ရန်ဖြစ်တယ်ဆိုတာဘယ်လိုမျိုးလည်းဆိုတာတော့သိသင့်တယ်။ သူများကိုတစ်ခါမှအနိုင်မထိုးဖူးရင်တောင် တစ်ခေါက်လောက်တော့အထိုးခံဖူးရမယ်။ ယောကျာ်းတွေက ခေတ်အဆက်ဆက် တိုက်ပွဲတွေမှာ ရဲရဲဝင့်ဝင့်တိုက်ခိုက်ဖူးတဲ့လူတွေပါ။ သွေးထွက်သံယိုနဲ့တိုင်းပြည်အတွက်တိုက်ပွဲဝင်ခဲ့တဲ့ ဘိုးဘေးတွေ ဘယ်လိုတိုက်ခိုက်ကြတယ်ဆိုတာကို လက်တွေ့မစမ်းသပ်နိုင်တော့ပေမယ့် ရန်ဖြစ်ရင်းခုခံကာကွယ်တာက အရင်ခေတ်ကစစ်ပွဲမှာတိုက်ခိုက်သလိုပါပဲ။ လှံတွေ ၊ ဓားတွေမပါတာပဲပါတယ်။ ရန်ဖြစ်တယ်ဆိုတာမှာလည်း သူများကိုမတရားရန်သွားစတာမျိုးကို မလုပ်စေချင်ပါဘူး။ မတတ်သာလို့ပြဿနာဖြစ်ပြီး လက်တွေပါပါလာခဲ့သည်ရှိသော် ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်တဲ့သဘောနဲ့ ပြန်ပြီးတိုက်ခိုက်ရင်း ရန်ဖြစ်တာမျိုးကိုပဲဖြစ်ပါ။ တော်ကြာစာရေးသူ ရန်စပေးတယ်ပြောနေဦးမယ်။

ကိုယ်ခံပညာတစ်ခုခုကို သင်ဖူးရမယ်
ဒါကတော့ ယောကျ်ားလေးရော မိန်းကလေးပါ လုပ်လို့အဆင်ပြေတဲ့အရာမျိုးပါ။ ဒါပေမယ့် ကိုယ်ခံပညာတစ်ခုခုကိုတော့ တတ်မြောက်အောင်သင်ယူသင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ဖို့အပြင် ၊ အကူအညီလိုတဲ့သူတွေကို ကူညီဖို့ ကိုယ်ခံပညာသင်ခိုင်းတာလည်းဖြစ်တယ်။ ပြီးတော့ဘဝမှာရှင်သန်ရင်းနဲ့ တစ်ခေါက်လောက်တော့ လုပ်သင့်တဲ့အရာမို့လို့ပါ။

ငါးဖမ်းဖူးရမယ်
ကျွန်မတို့ရန်ကုန်မှာ ကလေးလေးတွေ ၊ ကောင်လေးတွေ ငါးဖမ်းတယ်ဆိုတာ ကြားပဲကြားဖူးပြီး လက်တွေ့အကောင်အည်ဖော်ခွင့်မရကြဘူး။ ရုပ်ရှင်တွေထဲမှာလည်း ငါးဖမ်းတဲ့အခန်းတွေသိပ်မပါတော့ ကလေးယောကျ်ားလေးတစ်ယောက်အနေနဲ့ ဒါကိုလုပ်ဖူးဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာလည်း မသိကြဘူး။ ကျွန်မတူလေးဆိုရင်သူ့အဖေနဲ့အမြဲငါးဖမ်းလိုက်သွားတယ်။ ငါးဖမ်းတာက ဖခင်နဲ့သားကြားကဆက်ဆံရေးကိုလည်း ခိုင်မာစေတယ်။ ပြီးတော့ကွာယောကျာ်းလေးတစ်ယောက်က ငါးမျှားထွက်ဖူးရမယ်လို့ ပြောတာကသဘာဝကျပါတယ်။ ဒါလုပ်ဖူးသင့်တဲ့အရာပဲလေ။

တခြားလုပ်သင့်တယ်လို့ထင်တဲ့အရာတွေလည်းအများကြီးရှိပါတယ်။ ဒါပေမယ့်အဲဒီဟာတွေ အားလုံးကိုလိုက်ပြောနေရရင် ရေးလို့ပြီးတော့မှာမဟုတ်လို့ ကျွန်မအရေးကြီးဆုံးလို့ထင်တဲ့အချက်တွေကိုပဲ ပြောပြပေးသွားတာဖြစ်ပါတယ်။ ကဲ…ကိုကိုတို့ ၊ မောင်လေးတို့ ဒီအချက်တွေကိုလုပ်ဖူးရင်လည်း လက်မထောင်နေလိုက်ပြီး မလုပ်ဖူးရင်တော့ စမ်းလုပ်ကြည့်ကြပါလို့။

Piki (Akhayar)