ခေတ်ဟောင်းကနေ ခေတ်သစ်ကို ပြန်ပြီးတော့ခေါ်ချင်တဲ့ အရာတွေရှိပါတယ်

ခေတ်ဟောင်းကနေ ခေတ်သစ်ကို ပြန်ပြီးတော့ခေါ်ချင်တဲ့ အရာတွေရှိပါတယ်

Piki & A Million Thoughts


စာရေးသူတစ်ယောက်တည်းမဟုတ်ဘဲ လူတိုင်းလိုလို အရင်အချိန်တွေကို တမ်းတမိမှာပါ။ တစ်ချိန်ကရန်ကုန်ဆိုတာ အခုမြင်နေရတဲ့ရန်ကုန်နဲ့တော့ တခြားစီပဲလေ။ ဒါကြောင့်အတိတ်ကို လွမ်းဆွတ်မိတာက မမှားပါဘူး။ အတိတ်ကိုလွမ်းမိသလို အတိတ်က အလေ့အထတွေ ၊ အသုံးအဆောင်တွေနဲ့ လုပ်ရိုးလုပ်စဉ်တွေကို လွမ်းမိတာပေါ့။ ဒါကြောင့်ဖြစ်နိုင်မယ်ဆိုလို့ရှိရင် ဒီ ၂ဝဝဝ ခုနှစ်ကို ပြန်ပြီးခေါ်လို့ရရင် ခေါ်ချင်တဲ့အရာတွေရှိပါတယ်။

အုပ်စုဖွဲ့ပြီး ရပ်ကွက်နှံ့အောင်ဆော့တာတွေ


အရင်အချိန်တွေတုန်းကဆိုရင် ဖုန်းတွေလည်းမရှိသလို ၊ အင်တာနက်တွေလည်း လိုင်းမကောင်းသေးပါဘူး။ အခုလိုလဲကားတွေပျာပန်းခတ်အောင်မရှုပ်သးဘူး။ ဒါကြောင့်ကလေးတွေမှာ မိုးလင်းတာနဲ့ သူငယ်ချင်းတွေစုပြီးတော့ ရပ်ကွက်အနှံ့ကစားနည်းပေါင်းစုံ ဆော့ကစားခဲ့ကြတယ်။ မိုးလင်းမိုးချုပ် ထမင်းမေ့ဟင်းမေ့နဲ့ အမှတ်တရတွေ အများကြီးဖန်တီးခဲ့ပြီး သူငယ်ချင်းဆိုတဲ့ကြိုးလေးတွေလည်း ချည်နှောင်ခဲ့ကြတယ်။ ဒါပေမယ့်အခုတော့ အပြင်မှာထွက်ဆော့တဲ့ကလေးတွေကို မြင်ရဖို့ရှားပါတယ်။ ကလေးတွေကလည်း ဖုန်းတွေသုံး ၊ တီဗီတွေကြည့်ပြီးနေတာများကြီး ၊ မိဘတွေကလည်း အန္တရာယ်များလို့ အပြင်မထွက်ခိုင်းတာကြောင့် အရင်ကကလေးတွေလို အပျော်အပါးရှာတဲ့ဓလေ့လေးတွေ ပျောက်ဆုံးလာခဲ့တယ်။ ဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင် အရင်လိုမိုးလင်းမိုးချုပ်ကစားတဲ့ ဓလေ့လေးကို ပြန်ပြီးခေါ်ချင်မိတယ်။

ရပ်ကွက်ထဲက တီဗီရှိတဲ့အိမ်မှာ လူစုပြီးကြည့်တာ


ဒီအချိန်မှာတော့ အိမ်တိုင်းလိုလိုလည်း တီဗီတွေရှိနေတော့ ဒီဘက်ခေတ်မှာမွေးတဲ့သူတွေအနေနဲ့ အိမ်တစ်အိမ်မှာ တစ်ရပ်ကွက်လုံး ရုပ်ရှင်သွားကြည့်ရတဲ့ ခံစားချက်ကို ခံစားဖူးကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် စာရေးသူတို့ငယ်ငယ်တုန်းကဆိုရင် တစ်ရပ်ကွက်လုံးမှာ တီဗီဝယ်နိုင်တာ ၅ အိမ်ထက်မပိုဘူး။ ဂိမ်းစက်တွေဘာတွေဝယ်နိုင်ရင် တော်တော်ချမ်းသာလို့ပဲ။ ဒီတော့ တီဗီမရှိတဲ့အိမ်က ကလေးတွေရော ၊ လူကြီးတွေရော ကိုးရီးယားကားတွေ ၊ တရုတ်ကားတွေလာတဲ့ အချိန်ဆိုရင် တီဗီရှိတဲ့အိမ်မှာ သွားကြည့်ခဲ့ကြရတယ်။ တီဗီရှိတဲ့သူတွေကလည်း အဲဒီအချိန်တုန်းက အရမ်းသဘောကောင်းကြတယ်။ အိမ်မှာရုပ်ရှင်လာကြည့်တဲ့သူတွေကို နေရာထိုင်ခင်းပေးတယ် ၊ လက်ဖက်သုပ်တွေကျွေး ၊ ရေနွေးတွေတိုက်ပေါ့။ ကြော်ငြာလာရင် စကားတွေပြော ၊ ရယ်ကြ မောကြနဲ့ အရမ်းကိုရင်းနှီးခင်မင်ခဲ့ကြတယ်။ ဒါပေမယ့်အခုဆိုရင် တစ်ရပ်ကွက်ထဲနေတာတောင် မမြင်ဘူးတဲ့သူတွေ အများကြီးရှိနေတယ်။ တီဗီတွေမရှိတော့ပါစေနဲ့လို့ ဆုတောင်းတာမဟုတ်ပါဘူး။ အဲဒီဓလေ့လေးကိုတော့ လွမ်းဆွတ်မိလို့ ဖြစ်နိုင်ရင် ပြန်ခေါ်ချင်မိတာပါ။


မိုးရေချိုးတာ


အရင်တုန်းကဆိုရင် မိုးရာသီက ပျော်ဖို့အကောင်းဆုံးရာသီပဲ။ မိုးတွင်းမှာ မိုးရွာပြီဆိုရင် ရပ်ကွက်ထဲက လမ်းတွေမှာ ကလေးတွေအပြည့်ပဲ။ ပြီးတော့ ကလေးလိုက်ထိန်းတဲ့လူကြီးတွေလည်း ရောသောပြီးမိုးရေချိုးကြတယ်။ မိုးရွာတဲ့နေ့တိုင်း မိုးရေထဲမှာ နာရီးပေါင်းများစွာဆော့ခဲ့ကြတယ်။ စာရေးသူအဖေဆိုရင် မိုးရွာတိုင်း စာရေးသူနောက်လိုက်ပြီး ခေါင်းလိုက်လေ ျှာ်ပေးတယ်။ ငယ်ငယ်ကရေအရမ်းကြောက်တာလေ။ မိုးရေပဲကြိုက်တယ် ၊ တခြားရေမကြိုက်ဘူးကိုး။ ဒီတော့မိုးရွာတာက အဖေ့အတွက် စာရေးသူကို မချုပ်ဘဲ ခေါင်းလေ ျှာ်ပေးလို့ အကောင်းဆုံးအချိန်ပေါ့။ ဒါပေမယ့်အခုတော့ မိုးရေချိုးဖို့ မပြောနဲ့ ၊ မိုးရွာဖို့ကိုတောင် ဖင်ထောင်ပြီးဆုတောင်းနေရတယ်။ ရာသီဥတုကလည်း ဆိုးရွာလာတာကိုး။

ကြယ်ကြည့်တာ


ငယ်ငယ်ကဆိုရင် ၉ နာရီလောက်ဆို အိမ်ကလူကြီးတွေ ၊ ဘေးအိမ်ကရော ၊ လမ်းထဲကလူကြီးတွေရော ပတ်လက်ကုလားထိုင်တွေထုတ်ပြီး လမ်းမပေါ်ထွက်ထိုင်ကြတယ်။ ပြီးရင် ကောင်းကင်ကြီးကို မျက်နှာမူပြီး ကြယ်တွေကြည့်ကြတယ်။ ကြယ်တွေရဲ့နာမည်ကိုလည်း ကလေးတွေကို ပြောပြတယ်။ နွေဆိုရင် ညမှာလေလေးကလည်း တိုက်တော့အရမ်းလည်းနေလို့ကောင်းတယ်။ နောက်ပြီးစာရေးသူတို့နားမှာဆိုရင် ကွင်းပြင်ကျယ်ကြီးလည်းရှိတော့ မောင်နှမတွေစုပြီး ကွင်းပြင်ထဲမှာ ပတ်လက်လှဲနေတယ်။ ညီနေအောင်တန်းစီအိပ်ပြီးရင် ကောင်းကင်ပေါ်က ကြယ်တွေကိုကြည့်ကြတယ်။ ပျင်းရင်သရဲပုံပြင်ကို အကြီးဆုံးတစ်ယောက်ကပြော အငယ်တွေက ကြယ်ကြည့်ရင်းနားထောင်ကြတယ်။ နောက်တော့ ကြောက်လို့အိမ်ပြန်ပြေးကြတာပေါ့။ ဒါပေမယ့်အခုဆိုရင် တိုက်တွေပေါလာလို့ ကြယ်ကိုဘယ်နားဘယ်လိုသွားကြည့်ရမလဲ မသိတော့ပါဘူး။

သက်တံဖမ်းတာ


တချို့တွေတော့ ဒါကိုလွမ်းချင်မှလွမ်းမှာပါ။ ဒါပေမယ့်စာရေးသူအတွက်က သက်တံတွေနောက်လိုက်ဖမ်းရတာ ငယ်ဘဝရဲ့အကောင်းဆုံး အမှတ်တရတွေပဲ။ သက်တံတစ်စင်းတွေ့ပြီဆိုတာနဲ့ သူငယ်ချင်းတွေကိုအော်ခေါ်ပြီး သက်တံနောက်ကိုလိုက်ကြတယ်။ ဖမ်းလို့မမိမှန်းသိရက်နဲ့လှလို့လိုက်ဖမ်းခဲ့ကြတာပေါ့။ အခုဆိုရင်သက်တံတွေလည်း မတွေ့ဖြစ်တော့ဘူး။ ကောင်းတဲ့အရာတွေကို လောကကြီးက ကြာရှည်ဖြစ်တည်ခွင့်မပေးဘူးဆိုတာကိုတောင် ယုံကြည်လာသလိုမိတယ်။


ပိုးစုန်းကြူးလေးတွေစုတာ


ငယ်ငယ်က ကလေးမို့လို့လေ ပိုးစုန်းကြူးလေးတွေကို လိုက်ဖမ်းပြီး ပုလင်းထဲမှာထည့်ထားမိတယ်။ ညဖက်ဆိုရင် အခန်းထဲမှာ ပိုးစုန်းကြူးရဲ့မီးရောင်ကြောင့် လင်းထိန်နေတာပဲ။ ဒါပေမယ့်မနက်ရောက်တော့ ပိုးစုန်းကြူးလေးတွေသေကုန်တယ်။ နောက်ပိုင်းကြတော့ အဖေက ပုလင်းအဖုံးမပိပဲ အပေါက်သေးသေးလေးတွေပါတဲ့ ဇာပိတ်ကိုအုပ်ပြီး သားရေပင်နဲ့ချည်ပေးတယ်။ ပိုးစုန်းကြူးလေးတွေမသေတော့ဘူး။ ဒါပေမယ့်အကြာကြီးတော့ထားလို့မရဘူး။ အလှဆုံးအချိန်က ည ၈ နာရီ ၉ နာရီလောက်။ လမ်းထဲကဆိုင်တွေလည်း ပိတ်နေပြီ။ ရပ်ကွက်ထဲမှာက အပင်တွေများတော့ မှောင်ပိန်းနေတာပေါ့။ အဲဒီအချိန်ဆိုရင် ပိုးစုန်းကြူးတွေအများကြီး ထွက်လာရော။ ကြည့်ရတာနဲ့တင် အရမ်းအရမ်းကိုလှနေတာပေါ့။ အခုတော့ပိုးစုန်းကြူးတွေ မျိုးတုန်းသွားပြီလားတောင် မသိပါဘူး။ ဆင်လိပ်ပြာဆိုတာလည်း အရင်အချိန်တည်းကရှားတယ် ၊ အခုဆိုရင် ရိုးရိုးလိပ်ပြာတောင် မမြင်မိတော့ဘူး။ အဖိုးကြီး အဖွားကြီးလို့ခေါ်တဲ့ အဖြူရောင်အလုံးလေးတွေလည်း မတွေ့တော့ဘူး။ သဘာဝကပေးတဲ့ အလှတရားတွေကို တကယ်လွမ်းမိပါတယ်။

စွန်လွှတ်တာ


အခုတော့ ကြည့်မြင်တိုင်ရထားဘူတာဘက်မှာ စွန်တွေလွှတ်ရင်လွှတ်နေဦးမှာပါ။ ဒါပေမယ့်စာရေးသူတို့ဆီမှာတော့ စွန်လွှတ်တဲ့အလေ့အကျင့်လေးပျောက်သွားတာ ကြာသွားပြီ။ ၅ တန်း ၆ တန်းလောက်ထိပဲ စွန်လွှတ်တာကို နောက်ဆုံးမြင်ခဲ့ရတာလို့ ပြောချင်ပြောလို့ရပါတယ်။ ဓာတ်ကြိုးတွေ အများကြီးရှိလာတာရယ် ၊ တိုက်တွေဆောက်လာတာရယ်ကြောင့် စွန်လွှတ်ဖို့နေရာကျယ်ကျယ်ဝန်းဝန်းမရှိတော့ဘူး။ ဒါကြောင့် စွန်လွှတ်တဲ့ ဓလေ့လေးလဲပျောက်သွားပြီလို့ခံစားရပါတယ်။ ဖြစ်နိုင်ရင် စွန်လေးတွေကောင်းကင်ယံမှာ ဝဲပျံနေတာကို မြင်ချင်ပါသေးတယ်။

လွမ်းရတဲ့အရာတွေကို ပြောရရင် ပြောလို့တောင် ကုန်ပါဦးမလားဘဲ။ ကက်ဆက်ခွေတွေ ၊ Walkman တွေ ၊ အကြွေစေ့တွေ ၊ အုန်းမွှေးလုံးတွေ ၊ ကပ်စေးနှဲတွေကိုလည်း လွမ်းရပါတယ်။ လွမ်းတာတွေကတော့ အများကြီးပဲ ၊ ခေတ်ကြီးတိုးတက်လာပေမယ့်လို့ ခေတ်ဟောင်းကအရာတွေကိုလည်း မပျောက်မျက်ဘဲ ဆက်ပြီးရှိနေစေချင်သေးတယ်။ ပရိသတ်ကြီးတို့ရော စာရေးသူနဲ့ ထပ်တူထပ်မ ျှခံစားရလား ။ ပရိသတ်ကြီးတို့လွမ်းရပါတယ်ဆိုတဲ့ တခြားအရာတွေရှိနေသေးလား။


Photo Credit : http://clipart-library.com/
Piki (Akhayar)