ဘဝမှာ ပင်ပန်းလာတိုင်း ဖြေသာနိုင်မယ့် အခိုက်အတန့်လေးများ

ဘဝမှာ ပင်ပန်းလာတိုင်း ဖြေသာနိုင်မယ့် အခိုက်အတန့်လေးများ

လူတစ်ယောက်ရဲ့ ဘဝမှာ မလုပ်ဖူးမရှိရလေအောင် အရာရာကို လုပ်ဖူးသင့်ပါတယ်။ တချို့သော ရာဇဝတ်မှုနဲ့ မလွတ်သောကိစ္စတွေနဲ့ လူမှုရေးဖောက်ပြားသောကိစ္စတွေက လွဲလို့ပေါ့။ အဲဒီလိုလုပ်ဖူးသင့်တဲ့အရာတွေထဲမှာမှ ထပ်ပြီး ခွဲခြမ်းစိတ်ဖြာကြည့်ဦးမယ်ဆိုရင် ဘဝတစ်လျှောက်မှာ စိတ်နဲ့ ခန္ဒာအပန်းပြေဖို့အတွက်၊ တီထွင်ဖန်တီးမှုစွမ်းရည်ကောင်းမွန်လာဖို့အတွက်၊ နောက်ပြီး စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ဖို့အတွက် လုပ်ကိုလုပ်သင့်တဲ့အရာတွေ ရှိပါတယ်။

တူရိယာတစ်မျိုးမျိုးကို သင်ယူပါ
ဂီတဟာ လူတွေကို စိတ်ဖိစီးမှုလျော့နည်းစေပြီး ပျော်ရွှင်စေနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဘဝမှာ သီချင်းနားထောင်တာ၊ သီချင်းလိုက်ဆိုတာနဲ့ပဲ မကျေနပ်နေဘဲ ကိုယ်နဲ့ နီးစပ်ပြီး အကျွမ်းတဝင်ရှိတဲ့ တူရိယာတစ်ခုခုကို သင်ယူပြီး ကိုယ့်ဘာသာကိုယ် ဂီတတစ်ခု ဖန်တီးနိုင်အောင် ကြိုးစားပါ။ ပညာရှင်တွေလို ကျွမ်းကျင်ဖို့ အားစိုက်စရာမလိုအပ်ပါဘူး။ ကိုယ်ဆိုချင်တဲ့သီချင်းလေးတွေ ကိုယ့်ဘာသာကိုယ် တီးခတ်နိုင်ရင် တော်ပါပြီ။ Keyboard နဲ့ Ukulele လိုမျိုး တက်မြောက်လွယ်တဲ့ တူရိယာလေးတွေကို စမ်းကြည့်သင့်ပါတယ်။

ပတ်ဝန်းကျင်ကို ဘေးက ထိုင်ကြည့်ပါ
တစ်ခါတလေ စိတ်ရှုပ်ထွေးလွန်းလို့ ထွက်ပြေးချင်လာတိုင်း ကျွန်မလုပ်လေ့လုပ်ထရှိတဲ့အလုပ်တစ်ခုရှိပါတယ်။ အပြင်ကို ကောင်းကောင်းမွန်မွန်မြင်နိုင်တဲ့ ကော်ဖီဆိုင်တစ်ဆိုင်မှာ ကော်ဖီသောက်ရင်း လမ်းသွားလမ်းလာတွေနဲ့ လူတွေရဲ့ အပြုအမူ၊ အပြောအဆိုတွေကို လိုက်ကြည့်နေတတ်တာပါပဲ။ စကားလည်း မပြောဘူး။ အတွေးလည်းမရှိဘူး။ ကော်ဖီလေးသောက်ရင်း လူတွေကိုလိုက်ကြည့်နေတယ်။ အတွေးတွေရှင်းလာရင် နေလို့ကောင်းလာတယ်။ ကိုယ်ထက် မိုက်တဲ့သူတွေ့ရင် သူ့လိုဖြစ်လာအောင် ကြိုးစားဖို့ အားတွေရလာသလို၊ ကိုယ့်အောက် နိမ့်ကျတဲ့သူတွေ့ရင် လက်ရှိဘဝကို ဖြေသာနိုင်သွားလိမ့်မယ်။

ကိုးကွယ်ရာကျောင်းတော်တွေဆီ အလည်သွားပါ
ကိုယ်က ဘယ်လိုဘာသာဝင်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ဘာသာတရားကို မြင်တွေ့နိုင်တဲ့ ကိုးကွယ်ရာကျောင်းတော်တွေ ဥပမာ – ဗုဒ္ဓဘာသာတွေဆို ဘုရား၊ ခရစ်ယာန်ဘာသာဝင်တွေဆို Church ကျောင်း စသည်ဖြင့် ကိုယ့်ရဲ့ စိတ်ကို ငြိမ်းချမ်းစေတဲ့နေရာလေးတွေကို တစ်ယောက်တည်း၊ ဒါမှမဟုတ် စိတ်တူကိုယ်တူနောက်တစ်ယောက်နဲ့ သွားတာကလည်း ရှေ့ဆက်လျှောက်ရမယ့် အနာဂတ်ခရီးလမ်းတွေအတွက် အားအင်ရစေသလို အေးချမ်းစေပါတယ်။

ခရီးသွားပါ
နောက်တစ်ခုက ပိုက်ဆံစုပြီး ခရီးသွားပါ။ နေရာသစ်၊ လူသစ်တွေနဲ့ ထိတွေ့ပါ။ မမြင်ဖူး၊ မကြားဖူး၊ မစားဖူးတာတွေနဲ့ ထိတွေ့ပါ။ ခရီးသွားလို့ရတဲ့ စိတ်ချမ်းမြေ့မှုနဲ့ ပျော်ရွှင်မှုဟာ ဘာတွေနဲ့မှ မတူပါဘူး။ ချစ်တဲ့သူငယ်ချင်းတွေနဲ့ ခရီးသွားပါ။ ချစ်သူနဲ့လည်း သွားပါ။ တစ်ခါတလေ မိသားစုနဲ့လည်း သွားကြည့်ပါ။ မတူညီတဲ့လူမျိုးစုံနဲ့ မတူညီတဲ့နေရာတွေဟာ သင့်ဘဝမှာ ဘယ်တော့မှ မေ့လို့မရတဲ့အမှတ်တရတွေ ဖြစ်လာမှာပါ။ ဒါကြောင့် အချိန်ရှိတိုင်းခရီးသွားပါ။

ကိုယ့်ကိုယ်ကိုယ် ချီးမြင့်ပါ
ကိုယ် စိတ်ရှုပ်လာတိုင်း လုပ်နေကြအလုပ်တစ်ခုရှိတယ်။ အဲဒါကတော့ ကိုယ့်ကိုယ်ကိုယ် ချီးမြင့်ဖို့ပါပဲ။ တစ်ခါတလေ စိတ်တိုင်းကျ Shopping ထွက်ပါ။ ဝယ်ချင်တာလေးတွေ၊ ရှိချင်တာလေးတွေ ဝယ်လိုက်ပါ။ ကိုယ်ရှာထားတဲ့ပိုက်ဆံ ကိုယ်သုံးတာပဲ။ ဘာဖြစ်လဲ။ ပိုက်ဆံတွေ လက်ထဲမှာရှိနေလျှက်နဲ့ မပျော်ရွှင်နိုင်ဖြစ်နေတယ်ဆိုရင်တော့ အကောင်းဆုံးက ကိုယ့်ကိုယ်ကိုယ် အလိုလိုက်ပြီး လက်ဆောင်တွေဝယ်ပေးလိုက်ပါ။

ဘဝမှာ အခုပြောခဲ့တဲ့အခိုက်အတန့်လေးတွေက အရေးမပါသလိုတော့ ထင်ရတယ်။ ဒါပေမယ့် တကယ်လိုအပ်တဲ့အချိန်မှာ ဒီအရာတွေက အရေးပါလွန်းတာကို မြင်ရပါလိမ့်မယ်။ စိတ်အပန်းဖြေချင်တဲ့အချိန်တွေအတွက် ဘဝမှာ လုပ်ကိုလုပ်ရမယ့် အခိုက်အတန့်လေးတွေ ဖြစ်ပါတယ်နော်။ လိုက်လုပ်ကြည့်ပါ။ ပျော်ရွှင်သွားဖို့ အာမခံပါတယ်။

(Photo Credit)

Moethaesay (Akhayar)