ပူလောင်တဲ့ နွေရာသီနဲ့ နှစ်သစ်ကူးသင်္ကြန်ချိန်ခါမှာ မိတ်ကပ်သားလေးတာရှည်ခံစေဖို့

ပူလောင်တဲ့ နွေရာသီနဲ့ နှစ်သစ်ကူးသင်္ကြန်ချိန်ခါမှာ မိတ်ကပ်သားလေးတာရှည်ခံစေဖို့

အမျိူးသမီးတွေမှန်ရင် ကြီးကြီးငယ်ငယ် ဘယ်သူမဆို အချိန်တိုင်း လှလှပပလေးဖြစ်ချင်ကြပါတယ်။အခုဆိုရင် ရာသီဥတုကလည်း နွေရာသီကို ရောက်ရှိလာပြီဖြစ်လို့ ပူအိုက်တဲ့ရာသီဥတုကြောင့် အလှပြင်ပြီးသွားရင် မိတ်ကပ်တွေဟာ ချွေးကြောင့် ကွက်တာမျိုးတွေဖြစ်ကာ ပုံဆိုးပန်းဆိုးတွေ ဖြစ်သွားရတာမျိုးတွေ ကြံဖူးကြမှာပါ။ သေချာတာကတော့ ဘယ်မိန်းကလေးတွေကမှ မိတ်ကပ်တွေ အရည်ပျော်ကျပြီး မျက်နှာမှာ ပျောက်ပျက်သွားတာမျိုး လိုချင်ကြမှာ မဟုတ်ပါဘူးနော်။ ဒါ့အပြင် မကြာခင်မှာလည်း အတာသင်္ကြန်ဆိုတဲ့ မြန်မာနှစ်သစ်ကူးအချိန်အခါကို ကျရောက်တော့မှာဖြစ်တဲ့အတွက် နှစ်သစ်ကူးပွဲတော်မှာ မိန်းကလေးတိုင်းဟာ မိတ်ကပ်မပျက်၊ မကွက်ဘဲနဲ့ အလှကြီး လှချင်ကြမှာပါနော်။ အဲဒီလို လှချင်တဲ့သူတွေအတွက် မိတ်ကပ်ကို ကြာရှည်ခံအောင် ဘယ်လိုလိမ်းရမလဲဆိုတဲ့ လျှို့ဝှက်ချက်လေးကို ပြောပြချင်ပါတယ်။

ပင်ပန်းခံပြီး အဆင့်ဆင့်လိမ်းထားတဲ့ မိတ်ကပ်တွေ မကွက်ဘဲ တာရှည်ခံနေဖို့အတွက်ဆို အောက်က ရိုးရှင်းတဲ့ အချက်သုံးချက်ကိုပဲ လိုက်နာပြီး လိမ်းကြည့်ပါ။ ဒီအချက်သုံးချက်ကိုသာ လိုက်နာပြီးလုပ်မယ်ဆိုရင် တော်ရုံ မိတ်ကပ်ဟာ လုံးဝမကွက်တော့ဘဲ ပျက်တာမျိုးလည်း ဖြစ်မှာမဟုတ်ပါဘူးနော်။ ပြောနေတာကြာပါတယ် ဘယ်လိုလိမ်းရမလဲဆိုတာကို  ကြည့်လိုက်ကြရအောင်။

Moisturiser ကောင်းကောင်း အသုံးပြုပေးရပါမယ်
အသားအရေဟာ တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝနေရင် မိတ်ကပ်သားဟာ ပိုပြီးတော့ စွဲပါတယ်။ ဒါကြောင့်မို့ မိတ်ကပ်သားတစ်နေကုန်စွဲချင်ရင်တော့ ဘာမှခက်ခက်ခဲခဲလုပ်မနေဘဲ Moisturiser ကောင်းကောင်းလေးတစ်ခုကိုသာ ပြောင်းသုံးပြီး အသားအရေကို ရေဓာတ်ပြည့်အောင်နဲ့ တင်းတင်းရင်းရင်းလေးဖြစ်အောင်သာ ပြုလုပ်ထားလိုက်ပါ။

မှန်ကန်တဲ့ Primer ရွေးချယ်သုံးပါ
Primer ဟာ လိမ်းထားတဲ့ Moisturiser ကို ထိန်းထားပေးနိုင်ပြီး မိတ်ကပ်သားကိုလည်း ချောချောမွေ့မွေ့လေးဖြစ်အောင် ကူညီပံ့ပိုးပေးပါတယ်။ ဒါ့အပြင် အပေါ်ကနေ ထပ်လိမ်းထားတဲ့ ပေါင်ဒါသားကိုလည်း တာရှည်ခံအောင်လည်း လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့်မို့ ကိုယ်ရဲ့အသားအရေနဲ့ကိုက်ညီတဲ့ Primer ကို မှန်မှန်ကန်ကန်ရွေးချယ်ပြီး လိမ်းပေးကာ မိတ်ကပ်သားစွဲအောင် လုပ်ကြည့်လို့ရပါတယ်။

Face Powder ပေါင်ဒါလေးနဲ့ အပြီးသတ်လိုက်ပါ
မိတ်ကပ်တာရှည်ခံဖို့ဆို လိမ်းခြယ်တဲ့အဆင့်တွေ အကုန်လုံးပြီးသွားရင် Face Powder လေး ပုတ်ပြီး အဆုံးသတ်လိုက်ပါ။ ပေါင်ဒါလေးတွေကို မျက်နှာအနှံ့ကို နူးနူးညံ့ညံ့လေးလိုက်ပုတ်ပေးခြင်းက မိတ်ကပ်သားကို Setting ချလိုက်သလိုဖြစ်လို့ တော်ရုံချွေးထွက်တာနဲ့ ရေစိုတာမျိုးတွေ ဖြစ်ရင်တော့ မိတ်ကပ်က တော်ရုံတန်ရုံနဲ့ မကွက်တော့ပါဘူး။

ကဲ…လွယ်ကူတဲ့ ဒီအချက်သုံးချက်ကိုပဲ လိုက်နာပြီး မိတ်ကပ်လိမ်းမယ်ဆိုရင် လူကြားသူကြားထဲမှာ မိတ်ကပ်ကွက်တာမျိုးကြောင့် ကြည့်ရဆိုးတာမျိုး မဖြစ်တော့သလို သင်္ကြန်ရေစိုစိုမှာလည်း မိတ်ကပ်ကွက်တာကြောင့် မလှဖူးလားဆိုပြီး စိုးရိမ်နေစရာမလိုတော့ပါဘူးနော်။ နည်းလမ်းသိပြီဆိုတော့ ဒီနှစ်နွေရာသီနဲ့ နှစ်သစ်ကူးသင်္ကြန်မှာ ကောင်းကောင်း အသုံးချကြလိုက်ကြဖို့ မမေ့ပါနဲ့နော်။ ပရိသတ်ကြီးကျင့်သုံးတဲ့ လျှို့ဝှက်နည်းလမ်းလေးတွေရှိရင်လည်း ပြန်လည်မျှဝေပေးဖို့ မမေ့ပါနဲ့ဦးနော်။

H.H(Akhayar)