ESL One LA Major မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိခဲ့တဲ့ တောင်အမေရိက ကိုယ်စားပြု Dota 2 အသင်းများ

လက်ရှိအချိန်မှာ ESL One LA Major လက်ရည်စစ်ပွဲ အများစု ပြီးဆုံးသွားခဲ့ပြီ ဖြစ်တာနဲ့အညီ ဒေသအသီးသီးမှ ESL One LA Major မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိတဲ့ အသင်းတွေလည်း ပေါ်ထွက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ တောင်အမေရိက ဒေသတွင်း လက်ရည်စစ်ပွဲကနေ တစ်ဆင့် ESL One LA Major မှာ တိုက်ရိုက် ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိခဲ့တဲ့ အသင်းတွေကတော့ Thunder Predator နဲ့ Beastcoast တို့ပဲ ဖြစ်ပါတယ်။
Thunder Predator နဲ့ Beastcoast တို့ အနေနဲ့ သက်ဆိုင်ရာ အုပ်စု အသီးသီးမှာ ပထမ နေရာဖြင့် ရှုံးထွက် အဆင့်ကို တက်လှမ်းနိုင်ခဲ့သလို Semi-Finals အဆင့်မှာ Beast Coast အနေနဲ့ ဘရာဇီးနိုင်ငံသား ပရိုဖက်ရှင်နယ် Dota 2 ကစားသမားတွေ ပါဝင်တဲ့ Pain Gaming ကို (၂-၁) ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရယူနိုင်ခဲ့တာကြောင့် Upper Bracket Finals အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Thunder Predator အနေနဲ့လည်း Semi-Finals အဆင့်မှာ Duster ဦးဆောင်တဲ့ Furia Dota 2 အသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရခဲ့တာကြောင့် Upper Bracket Finals အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ Upper Bracket Finals အဆင့်မှာ အုပ်စု အသီးသီးမှာ ပထမနေရာကို သိမ်းပိုက်နိုင်ခဲ့တဲ့ Beastcoast နဲ့ Thunder Predator တို့ အနေနဲ့ ESL One LA Major ကို တိုက်ရိုက် ယှဥ်ပြိုင်ခွင့် ရရှိမယ့် တစ်နေရာစာ အတွက် တိုက်ပွဲဝင်ခဲ့ရပါတယ်။
Beastcoast နဲ့ Thunder Predator တို့ ယှဥ်ပြိုင်ခဲ့ရတဲ့ အဆိုပါ ပွဲစဥ်မှာ Thunder Predator Dota 2 အသင်းရဲ့ ကစားသမားတွေ အနေနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ထုတ်ပြနိုင်ခဲ့သလို ၂ ပွဲပြတ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် ESL One LA Major မှာ တိုက်ရိုက် ယှဥ်ပြိုင်ခွင့် ရရှိမယ့် တစ်နေရာစာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Beastcoast အနေနဲ့ Thunder Predator ကို ရှုံးနိမ့်ခဲ့တာကြောင့် Lower Bracket Finals ကို သက်ဆင်းခဲ့ရပါတယ်။ Lower Bracket Finals မှာ Beastcoast အနေနဲ့ Furia Esports Dota 2 အသင်းနဲ့ ယှဥ်ပြိုင်ခဲ့ရပါတယ်။ Furia Esports နဲ့ ယှဥ်ပြိုင်ခဲ့ရတဲ့ ပထမ ပွဲစဥ်မှာ Beastcoast အဖွဲ့သားတွေ အနေနဲ့ ပွဲစဥ် တစ်လျှောက် ရုန်းကန်ခဲ့ရပေမယ့် ပွဲချိန် ၆၆ မိနစ်မှာတော့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒုတိယမြောက် ပွဲစဥ်မှာတော့ Beastcoast အနေနဲ့ Furia Esports ကို ပွဲစဥ် တစ်လျှောက် အသာစီးကနေ ကစားနိုင်ခဲ့သလို ပွဲချိန် ၃၃ မိနစ်မှာ အနိုင်ယူနိုင်ခဲ့ပါတယ်။

တောင်အမေရိက အခြေစိုက် Dota 2 အသင်းတွေ အနေနဲ့ DPC ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခြင်း မရှိသေးသလို အမြဲတမ်း ဖျက်မြင်းအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာကြောင့် ESL One LA Major လက်ရည်စစ်ပွဲ တစ်လျှောက် စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တဲ့ Beastcoast နဲ့ Thunder Predator တို့ အနေနဲ့ LA Major မှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အထိ လက်စွမ်းကောင်းတွေကို ပြသသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: VpEsports