MLBB အသင်းကို ပြန်လည် ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ Esports အဖွဲ့အစည်း TODAK

မလေးရှား အခြေစိုက် Esports အဖွဲ့အစည်း TODAK ကတော့ အဖွဲ့အစည်း အပိုင် MLBB အသင်းကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ အသင်း ဖျက်သိမ်းကြောင်း သတင်းကို TODAK Esports အဖွဲ့အစည်းရဲ့ မန်နေဂျာဖြစ်သူ Ashi အနေနဲ့ အသင်းပိုင် ဆိုရှယ်မီဒီယာ အကောင့်တွေကနေ တစ်ဆင့် အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
TODAK MLBB အသင်း အနေနဲ့ MPL MY/ SG Season 3 စတင်ချိန်မှာ Diamond Challenge လိဂ်မှာသာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပေမယ့် ထင်မှတ် မထားလောက်အောင် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ ပရိုလိဂ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

MPL MY/ SG Season 4 ပြိုင်ပွဲမှာ TODAK MLBB အသင်း အနေနဲ့ ဒုတိယ နေရာကို သိမ်းပိုက်နိုင်ခဲ့သလို M1 World Championship ပြိုင်ပွဲမှာလည်း တတိယနေရာ အထိ တက်လှမ်းနိုင်ခဲ့တာကြောင့် မလေးရှား အခြေစိုက် MLBB အသင်းတွေ အထဲမှာ အလားအလာ အရှိဆုံး အသင်း တစ်သင်း အဖြစ် ပရိသတ် အများစုရဲ့ သတ်မှတ်ခြင်းကို ခံယူခဲ့ရပါတယ်။
ဒါပေမယ့်လည်း MPL MY/ SG Season 5 ပြိုင်ပွဲ စတင်ချိန်မှာတော့ ထင်မှတ် မထားလောက်အောင် ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အုပ်စု အဆင့်ပွဲစဉ်တွေမှာ ၁၁ ပွဲနိုင်၊ ၁၃ ပွဲရှုံး ရလဒ်ကိုသာ ပိုင်ဆိုင်ခဲ့ပြီး Lower Bracket Round 2 ပွဲစဉ်မှာ EVOS SG ကို (၂-၁) ဖြင့် ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရပါတယ်။

TODAK Esports အဖွဲ့အစည်းရဲ့ မန်နေဂျာဖြစ်သူ Ashi ရဲ့ ပြောကြားချက်များအရ MPL MY/ SG Season 4 မှာ ရလဒ်ကောင်းတွေ ဖန်တီးနိုင်ခဲ့တာကြောင့် TODAK MLBB အသင်း အပေါ် မျှော်လင့်ချက်တွေ ထားခဲ့ကြောင်း၊ ဒါပေမယ့်လည်း MPL MY/ SG Season 5 မှာ ထင်မှတ်မထားတဲ့ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အခုလို အသင်းကို ပြန်လည် ဖျက်သိမ်းဖို့ အတွက် ဆုံးဖြတ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
REF: OneEsports