Epic League Division 1 ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ Virtus.Pro

VP Prodigy အသင်းမှ လူငယ်ကစားသမားတွေနဲ့ ပြန်လည် ဖွဲ့စည်းခဲ့တဲ့ Virtus.Pro ကတော့ ပထမဆုံး ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲမှာပဲ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Virtus.Pro အနေနဲ့ အုပ်စုအဆင့်က စတင်ပြီး တည်ငြိမ်တဲ့ လက်စွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပြီး ၇ ပွဲနိုင်၊ ၂ ပွဲရှုံး အုပ်စုပထမဖြင့် Playoffs အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Playoffs အဆင့်မှာ Upper Bracket ကနေ စတင် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး Team Secret နဲ့ Vikin.gg တို့ကို နှစ်ပွဲပြတ်ဖြင့် ဆက်တိုက် အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Final အဆင့်ကို စောစီးစွာ တက်လှမ်းနိုင်ခဲ့ပါတယ်။ Virtus Pro နဲ့အတူ Grand Final မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တဲ့ နောက်ထပ် အသင်း တစ်သင်းကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား Dota2 အသင်းဖြစ်တဲ့ OG Dota2 အသင်းပဲ ဖြစ်ပါတယ်။

TI နှစ်ထပ်ကွမ်း ချန်ပီယံ OG Dota2 အသင်း အနေနဲ့ အုပ်စုအဆင့်မှာ ရုန်းကန်ခဲ့ရပြီး အဆင့် ၇ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် Playoff အဆင့်မှာ Lower Bracket ကနေ စတင် ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း OG Dota2 အဖွဲ့သားတွေဟာ Playoff အဆင့်ကနေ စတင်ပြီး လက်စွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပြီး Yellow Submarine, Na’Vi, Team Liquid, Vikin.gg စတဲ့ အသင်းတွေကို ဖြတ်ကျော်ကာ VP Dota2 အသင်းရဲ့ ရင်ဆိုင်ခွင့် ရရှိမယ့် Grand Final ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
Epic League Divison 1 ပြိုင်ပွဲရဲ့ Grand Final ပွဲစဉ်ကို Best of 5 Format ဖြင့် ယှဉ်ပြိုင်စေခဲ့တာဖြစ်ပြီး လက်ရည်ညီ အသင်းနှစ်သင်း ဖြစ်တာနဲ့ အညီ ပွဲစဉ် ငါးပွဲလုံးဟာ အတော်လေးကို ကြည့်ကောင်းတဲ့ ပွဲစဉ်တွေ ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ Virtus Pro Dota2 အသင်းဟာ OG Dota2 အသင်းကို (၃-၂) ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ယူနိုင်ခဲ့ပြီး ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
https://t.co/xKtJ1WdYB1 ARE THE WINNERS OF EPIC LEAGUE 🥇#EPICLeague pic.twitter.com/dizmVrQD2b
— EPICENTER (@epicentergg) December 13, 2020
Epic League Divison 1 ပြိုင်ပွဲမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် VP အဖွဲ့သားတွေ အနေနဲ့ ဆုကြေးငွေ ဒေါ်လာ ၂ သိန်း ကို ရယူနိုင်ခဲ့ပြီး မကြာခင် ပြန်လည် ကျင်းပသွားမယ့် DPC ရာသီမှာလည်း လက်စွမ်းကောင်းတွေကို ဆက်လက် ထိန်းသိမ်းသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: VpEsports