ဝေဖန်မှုတွေကို ပညာရှိဆန်ဆန် ဘယ်လိုတုံ့ပြန်ကြမလဲ

ဝေဖန်မှုတွေကို ပညာရှိဆန်ဆန် ဘယ်လိုတုံ့ပြန်ကြမလဲ

ဝေဖန်တယ်ဆိုတာ တစ်ခါတစ်လေမှာ ကိုယ်ထိလက်ရောက် ထိခိုက်တာထက် ပိုပြီးတော့ နာကျင်ရတယ်။ ကျွန်မတို့တွေ သူတစ်ပါးကို ရည်ရွယ်ချက်ရှိလို့ပဲဖြစ်ဖြစ် ၊ မရည်ရွယ်ဘဲဖြစ်ဖြစ် စိတ်ခံစားမှုကို ထိခိုက်နာကျင်စေတဲ့စကားတွေကို ပြောမိကြသလို ၊ သူများတွေက ကျွန်မတို့ကို စိတ်ထိခိုက်နာကျင်စေတဲ့ ဝေဖန်မှုတွေကိုပြောတာလည်း ကြုံရတယ်။ ဒီလိုကြုံရတဲ့အချိန်မှာ သူတို့ပြောတဲ့စကားတွေက မှန်ရင်မှန်မယ် မှားရင်မှားမယ်။ ဒါပေမယ့်ကိုယ့်ရင်ထဲရောက်သွားရင် ဒီစကားလုံးတွေက ကိုယ့်ကိုပဲဥပဒ်ဖြစ်စေတယ်။ ဒီတော့ လူတစ်ယောက်က ကိုယ့်ကိုဝေဖန်လာရင် ဘယ်လိုတုံ့ပြန်ကြမလဲ –

ကိုယ့်ဖက်ကကိုယ်ရပ်တည်ပါ
ဒီမှာကိုယ့်ဖက်ကကိုယ်ရပ်တည်ပါဆိုတာက ကိုယ့်ကိုလူတစ်ယောက်က ဝေဖန်လာရင် သူ့ကိုဘာမှပြန်မပြောဘဲလွှတ်ပေးလိုက်တာမဟုတ်ဘဲ သူ့ကိုလည်းလေးလေးစားစားနဲ့ သူရဲ့ဝေဖန်မှုက ကိုယ့်ကို စိတ်ထိခိုက်စေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြတာဖြစ်တယ်။ ဒီလိုနေရာမျိုးမှာ ကိုယ့်ကိုဝေဖန်တဲ့သူကို အပြစ်လည်းမတင်ဘူး ၊ သိက္ခာလည်းမချဘူး။ ဒါပေမယ့်သူတို့ဝေဖန်တာပြင်းထန်လာရင် ပြန်တုံ့ပြန်ရမယ်။ ငြိမ်ခံနေရင် ပြောလို့ရတယ်ဆိုပြီး စောဒကတက်လာလိမ့်မယ်။ ဒီနေရာမှာအရေးပါတဲ့သော့ချက်က ခိုင်ခိုင်မာမာအချက်ကျကျပြန်ပြောရမှာဖြစ်ပြီး ၊ တစ်ချိန်တည်းမှာကြင်ကြင်နာနာပြောရမှာဖြစ်တယ်။

ရှင်းပြတာလက်မခံရင် လှည့်ထွက်သွားလိုက်ပါ
ကိုယ်ကသူ့ကိုပြောထားတယ်။ သူပြောတဲ့စကားတွေက ကိုယ့်အတွက်စိတ်ထိခိုက်စရာဖြစ်တယ်။ ဒါကိုတောင် သူကဆက်ပြီးဝေဖန်နေဦးမယ်ဆိုရင် သူပြောတာကိုနားမထောင်တော့ဘဲနဲ့ သူနဲ့ဝေးရာကိုထွက်သွားလိုက်ပါ။ တချို့လူတွေက အရိပ်ပြအကောင်မမြင်ဘူး။ အလိုက်ကန်းဆိုးမသိဘူး။ ဒီလိုလူတွေဆိုရင် သူတို့ကိုအကျိုးနဲ့အကြောင်းနဲ့ ရှင်းပြလို့လည်း မရဘူး။ ပြန်ပြောရင်လည်း ကိုယ့်အမှားဖြစ်မယ်။ ဒါကြောင့်ဖြစ်နိုင်ရင် လှည့်ထွက်သွားလိုက်တာက အကောင်းဆုံးနည်းဖြစ်မှာပါ။

ပြန်ထောက်ပြပါ
ကိုယ့်ကိုဝေဖန်နေတာက အကျိုးအကြောင်းလည်း မဆီလျော်ဘူး ၊ တစ်ဖက်သတ်အရမ်းဆန်လွန်းနေတယ်ဆိုတဲ့အခါမျိုးမှာ ကိုယ်ကသူတို့ပြောနေတာက အဓိပ္ပါယ်မရှိတဲ့အပြင် ၊မှားရင်မှားနေတဲ့အကြောင်း ၊ ကိုယ့်မကောင်းကြောင်းပြောနေရင်လည်း ကိုယ့်ရဲ့ကောင်းတဲ့အချက်တွေကိုလည်း ထောက်ပြသင့်ကြောင်း ပြန်ပြီးပြောပြရမယ်။ လူဆိုတာအမြဲမမှန်နိုင်ပါဘူး။ ဒါကြောင့်သင့်ကိုဝေဖန်နေတဲ့သူကလည်း အမြဲမှန်တယ်လို့ မဆိုလိုနိုင်ဘူး။ ကိုယ့်ဖက်ကမှန်နေတဲ့အခါမျိုးမှာဆိုရင်တော့ သူတို့မှားကြောင်းပြန်ပြီးထောက်ပြရမယ်။ ဒါပေမယ့် ဒီလိုပြန်ပြောတဲ့အခါမှာ သူတို့ကိုရန်လိုတဲ့အသံနဲ့ ပြန်ပြောတာမဟုတ်ဘဲ ၊ ကိုယ်ကိုယ်တိုင်က တည်ငြိမ်ပြီး အေးအေးဆေးဆေး လူကြီးဆန်ဆန်ပြန်ပြောရမယ်။ ဒါမှ ကိုယ့်ရဲ့စကားကိုနားဝင်မှာဖြစ်မယ်။ ဝေဖန်တဲ့သူတွေက သူတို့ကိုပြန်ပြီးဝေဖန်တာကို မခံစားနိုင်ဘူး။ ကိုယ်ပြန်ပြောတဲ့စကားတွေက ဝေဖန်တဲ့ပုံမပေါ်ဘဲ ဖြေရှင်းချက်နဲ့တူရင် သူတို့ပိုပြီး နားဝင်နိုင်ပါတယ်။

ကိုယ်ကတန်ဖိုးရှိတယ်ဆိုတာကို သတိရပါ
သူများတွေဝေဖန်တဲ့အချိန်မျိုးမှာ ကိုယ်စိတ်ထိခိုက်ရတာအမှန်ပါ။ လူတိုင်းလိုလို သူတစ်ပါးရဲ့ဝေဖန်မှုခံရတဲ့အခါ စိတ်ထဲမှာ ဝေဖန်မှုကိုမသိမ်းမိဘဲမနေဘူး။ အနည်းနဲ့အများတော့ခံစားရတာပဲ။ ဒါပေမယ့်ဒီလိုအချိန်မှာ မှတ်မိထားရမယ့်အရာက ကိုယ်ကတန်ဖိုးရှိတယ်ဆိုတာကိုပါ။ ကိုယ်ကသူတို့ပြောတဲ့သူမဟုတ်ဘူးဆိုတာကို ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။ သူတို့ပြောတာထက် ကိုယ်ကအများကြီးပိုတန်ဖိုးရှိတယ်ဆိုတာကို ကိုယ့်ကိုယ်ကိုယ် သတိပေးနေမယ်ဆိုရင် သူတို့ပြောတဲ့အရေမရအဖတ်မရစကားတွေက ကိုယ့်စိတ်ထဲမရောက်တော့သလို ကိုယ်လည်းအလကားနေ စိတ်ဆင်းရဲနေတော့မှာ မဟုတ်ပါဘူး။

ဝေဖန်မှုကို လက်ခံပါ
လူဆိုတာအမြဲမမှန်နိုင်ဘူးလို့ ကျွန်မပြောခဲ့သလိုပဲ။ ကျွန်မတို့လည်းအမြဲမမှန်နိုင်ပါဘူး။ ဒါကြောင့်တစ်ခါတစ်လေမှာ ကျွန်မတို့မမြင်နိုင်တဲ့ ကျွန်မတို့ရဲ့အမှား ဒါမှမဟုတ် ကျွန်မတို့ရဲ့အားနည်းချက်ကို သူများကမြင်တယ်။ ဒါကြောင့်သူတို့ကထောက်ပြတယ်။ အဲဒီလိုအချိန်မှာ “သူကငါ့ကိုဝေဖန်နေတယ် ၊ ငါ့ကိုဆိုဘယ်တော့မှ အကောင်းမမြင်ဘူး” လို့ စိတ်ထဲမတွေးဘဲ ဘာလို့မှားနေတယ်ပြောတာလဲမေးပါ။ ပြီးရင်ဒီဝေဖန်မှုကနေ ကိုယ့်ရဲ့အမှားကို ပြင်ဆင်ဖို့ကြိုးစားပါ။
ဒီလောက်လုပ်နိုင်မယ်ဆိုရင် ဝေဖန်မှုတွေကို ကောင်းကောင်းကိုင်တွယ်နိုင်ပြီဖြစ်ပါတယ်။ အားလုံးခြုံပြီးပြောရရင်တော့ ဝေဖန်မှုတွေက ကောင်းပါတယ်။ ဝေဖန်တာကနေ သင်ခန်းစာတွေ အများကြီးယူနိုင်သလို ၊ ဝေဖန်မှုတွေကို တုံ့ပြန်ဖြေရှင်းရာကနေ သည်းခံနိုင်စွမ်းတွေ ခွင့်လွတ်နိုင်စွမ်းတွေ ပါးနပ်စွာဖြေရှင်းနိုင်မှုတွေကို သင်ယူပြီး အသုံးချလာနိုင်မှာဖြစ်ပါတယ်။

Piki (Akhayar)