အောင်မြင်ခြင်းရဲ့အစက ကျရှုံးခြင်းဆိုတာ သက်သေပြလိုက်ရအောင်

အောင်မြင်ခြင်းရဲ့အစက ကျရှုံးခြင်းဆိုတာ သက်သေပြလိုက်ရအောင်

—  အသုံးမှမကျတာ။ နင့် သူငယ်ချင်း ဘယ်သူ ဘယ်ဝါကတော့ ရိုးရိုးအောင်တယ်။ ဟိုတစ်ယောက်ကတော့ ဂုဏ်ထူးတောင် ပါသေးတယ်။

—  ဒီနှစ်မဟုတ်လည်း နောက်နှစ်ပြန်ဖြေပေ့ါ။ သားတို့သမီးတို့ လုပ်ဖို့က ကြိုးစားဖို့။ ကျန်တာ မိဘတွေ တာဝန်ထား။

အကြမ်းဖျဉ်းအားဖြင့် ခွဲကြည့်မယ်ဆိုရင် စာမေးပွဲကျတဲ့ ကလေးတွေကို ပြောမယ့် စကားတွေက ဒီအမျိုးအစား (၂) ခုက လွတ်မယ်မထင်ပါဘူး။ အဲ့ဒီစကားတွေကို ဆယ်တန်းအောင်စာရင်းထွက်တဲ့အချိန်မှာ အများဆုံးကြားရပါတယ်။

ဘယ်သူတွေ ဘယ်လိုပဲပြောပြော၊ ကိုယ်ထိလက်ရောက်ပါပြီး ဆုံးမခံရတာပဲဖြစ်ဖြစ် အရေးကြီးဆုံးက ဒီပြုမူဆက်ဆံမှုတွေကြောင့် ကိုယ်ကိုယ်တိုင်က လမ်းမှားမရောက်သွားဖို့ပါပဲ။ အမှားတွေကို ပါးနပ်တဲ့နည်းလမ်းတွေနဲ့ ပြင်ကြည့်ရအောင်။

ခုချိန်ကစပြီး အဆိုးတွေပြောနေတဲ့သူတွေ/ မဟုတ်တဲ့အကြောင်းတွေကို ခေါင်းထဲက ထုတ်ပါ။
“ဆယ်တန်းဆိုတာ ဘဝကို ပြောင်းလဲသွားစေတဲ့အဆုံးအဖြတ်။ ခြေချော်ရင် သွားပြီတာမှတ်”ဆိုပြီး ခေါင်းထဲရိုက်သွင်း ခံထားရတဲ့ ဒီယူဆချက်ဟာ လုံးဝ မမှန်ပါဘူး။ ဆယ်တန်းဆိုတာ ဘဝတစ်ခုမဟုတ်ပါဘူး။ ကိုယ့်ရဲ့ ခံယူချက်တွေ၊ ရွေးချယ်တဲ့လမ်းကြောင်းနဲ့ Career ကသာ ဘဝကိုဆုံးဖြတ်ပေးပါလိမ့်မယ်။ ဆယ်တန်းဆိုတာ ပြန်ပြင်လို့ရတဲ့အမှားဖြစ်တဲ့အတွက် ခြေချော်သွားတာကို ကုစားလို့ရပါတယ်။ ကုစားနည်းကတော့ နောက်တစ်နှစ်အတွက် ပြင်ဆင်ကြိုးစားဖြေဆိုခြင်းပါ။

ခွန်အားအသစ်တွေက လွတ်လပ်တဲ့အချိန်တွေကို ခေါ်ဆောင်သွားမှာပါ
နောက်တစ်နှစ်အတွက် ခွန်အားတွေမွေးလိုက်တဲ့အခါ လွတ်လပ်မှုကိုပါ တပါတည်းခံစားရပါလိမ့်မယ်။ သူငယ်ချင်းအသစ်တွေလည်း ရဦးမှာပါ။ တခြားသူတွေထက် စာလိုက်ရတာ အဆင်ပြေပါလိမ့်မယ်။ ပေါ့ပေါ့ပါးပါးနဲ့ စာလုပ်ရုံပါပဲ။ Repeater ဆိုတဲ့ အသုံးအနှုန်းကတော့ ခါးသီးပါလိမ့်မယ်။ ဒီလိုဖြစ်ချိန်တိုင်း ကျရှုံးပြီး လဲထရတာ လွယ်တာမှတ်လို့လားဆိုပြီး တွေးပါ။ မလွယ်တာကို လွယ်အောင် လုပ်နေရတာမို့ ကိုယ့်ကိုယ်ကိုယ်တော်တဲ့သူအဖြစ် ပြောင်းတွေးလိုက်ပါ။

လှောင်ရယ်သံတွေ၊ အထင်သေးအကြည့်တွေကို ဂရုစိုက်နေဖို့ မလိုပါဘူး
ဘေးပတ်ဝန်းကျင်နဲ့ သူငယ်ချင်းတွေဆီက အကြည့်တွေ၊ စကားသံတွေက အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင် ခပ်ရှောင်ရှောင်နေပါ။ ဒီလိုအချိန်မှာ ဘယ်သူက မိတ်ဆွေစစ်၊ မိတ်ဆွေမှန်ဆိုတာ သိလာမှာပါ။ ကိုယ်ကျရှုံးချိန်မှာ ဘေးမှာ ဖေးဖေးမမရှိသူကိုပဲ တန်ဖိုးထားပါ။ ကျန်တဲ့အရာတွေကို ခေါင်းထဲသိပ်မထည့်ပါနဲ့။

ကျရှုံးတိုင်း မထနိုင်တော့ဘူးဆိုရင် အောင်မြင်တဲ့သူဆိုတာ ရှိမှာတောင်မဟုတ်
ဘီလ်ဂိတ်၊ မက်ဇူကာဘတ်နဲ့ အော်ပရာဝင်းဖရေးတို့လို နာမည်ကြီးပုဂ္ဂိုလ်တွေတောင်မှ ကျရှုံးဖူးပါတယ်။ အော်ပရာဝင်းဖရေးဆိုရင် အဓမ္မပြုကျင့်ခံရလို့ ကလေးရတဲ့အထိ အမှောင်ကျဖူးသူပါ။ သူသာ ရှုံးနိမ့်ခြင်းမှာ နစ်မျောနေမယ်ဆိုရင် အော်ပရာဝင်းဖရေးဆိုပြီး ဖြစ်လာမှာ မဟုတ်ပါဘူး။

ဘဝမှာအောင်မြင်ခြင်း၊ မအောင်မြင်ခြင်းတွေကို အတန်းပညာက မဆုံးဖြတ်နိုင်ပါဘူး ဒါပေမယ့်
အတန်းပညာက အရေးကြီးလို့လား ပြန်မဖြေလည်း ရတာပဲဆိုပြီး တွေးနေချိန်မှာ ဆရာအောင်သင်းရဲ့ စာအုပ်တစ်အုပ်က အဖြေပေးခဲ့ပါတယ်။ အတန်းပညာက ဘဝကို အဆုံးအဖြတ်မပေးနိုင်ပေမယ့် လူ့ပတ်ဝန်းကျင်မှာ အရည်အချင်းတစ်ခုကို ထင်သာမြင်သာရှိအောင် ပြနိုင်ဖို့ သတ်မှတ်ထားတဲ့အတွက် အတန်းပညာကလည်း သူ့နေရာနဲ့သူ အရေးကြီးပါတယ်တဲ့။

ကျရှုံးဖူးမှ အောင်မြင်တဲ့အရသာကို တခြားသူထက် ခံစားတတ်တာပါ
“Failure is the mother of success” ဆိုတဲ့ ဆောင်ပုဒ်လည်းရှိလို့ ကျရှုံးရတာတွေက အောင်မြင်မှုတွေ ဖြစ်စေနိုင်တယ်ဆိုတာကို နားလည်ထားပါ။ ရှေ့ဆက်မယ့်တစ်လျှောက်လုံးမှာ တခြားမကြုံဖူးတာတွေလည်း ကြုံရဦးမှာပါ။ ဘဝကြီးမှာ တခါမှ မကျရှုံးဖူးသူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒီလိုလူတွေက ဒီအတွေ့အကြုံကို မသိတဲ့အတွက် နဖူးတွေ့၊ ဒူးတွေ့တဲ့ချိန်ကျရင် တခြားလူတွေထက် ပိုတုန်လှုပ်တတ်ပါတယ်။ ကိုယ်ကတော့ ဒါတွေကိုဖြတ်ကျော်လာပြီးပြီ ဖြစ်တဲ့အချိန် အဲ့အချိန်ကျရင် သင်ဟာ ရင့်ကျက်တဲ့သူ ဖြစ်နေပါပြီ။

NSC (Akhayar)