အမေများနေ့မှာ ဥစ္စာပစ္စည်းမဟုတ်ဘဲ အမေ့ကိုဘာတွေပေးသင့်လဲ

အမေများနေ့မှာ ဥစ္စာပစ္စည်းမဟုတ်ဘဲ အမေ့ကိုဘာတွေပေးသင့်လဲ

အမေများနေ့လည်းရောက်တော့မယ်ဆိုတော့ အမေ့ကိုဘာတွေပေးရမလဲဆိုပြီး ခေါင်းစားနေကြတဲ့သားသမီးတွေရှိနေကြမှာပေါ့။ ကုန်တိုက်တွေမှာလည်း အမေများနေ့အတွက် လက်ဆောင်ပစ္စည်းတွေဆိုပြီး ကြော်ညာနေတာတွေ ၊ Website တွေကနေ အမေများနေ့အတွက် ဝယ်ပေးလို့ရမယ့် အကောင်းဆုံးလက်ဆောင် ဘယ်နှခုဘယ်နှခုဆိုပြီး တင်နေတာတွေလည်း အများကြီးတွေ့ကြမှာပါ။ ဒါပေမယ့် ဥစ္စာပစ္စည်းတွေဆိုတာ ပေးလိုက်တုန်းပဲ အသုံးဝင်တာပါ။ တစ်သက်တာလုံးအတွက် အမှတ်ရထင်ကျန်နေတာမျိုး မဖြစ်ပါဘူး။

ပြောရရင်ဒီပစ္စည်းတွေက ကိုယ်မပေးရင်တောင် အမေတွေက ကိုယ့်ဘာသာ ဝယ်နိုင်နေတဲ့အရာတွေပဲလေ။ ဒီတော့ကိုယ်ကပေးရင်လည်း “အော်…….ငါ့ကလေးက ငါ့ကိုလက်ဆောင်တွေ ဝယ်ပေးပါလား” ဆိုတဲ့ စိတ်ခံစားချက်လောက်ပဲရမှာပါ။ ကိုယ့်အမေကို အမေများနေ့မှာ လကေ်ဆာင်တွေဝယ်ပေးတာထက် ပိုပြီးလေးနက်တဲ့ခံစားချက်တွေ ပေးလို့ရပါတယ်။ ဥပမာပြောရရင် –

အမေများနေ့မှာ ရက်တိုခရီးဖြစ်ဖြစ် ၊ ရက်ရှည်ခရီးဖြစ်ဖြစ် ခေါ်သွားပေးတာကလည်း အမေ့အတွက် လက်ဆောင်ပစ္စည်းဝယ်ပေးတာထက် ပိုလေးနက်တဲ့အရာပါ။ ဘာလို့လဲဆိုတော့ ကိုယ့်အမေဆိုတာ တစ်နေ့တစ်နေ့အိမ်အလုပ်တွေကြီးပဲ ဆက်တိုက်လုပ်နေရတဲ့သူ။ ကိုယ်တွေကို ကျောင်းထားပေး ၊ ပျိုးထောင်ပေးပြီး ၊ ကိုယ်တွေကအပျော်တွေရှာနေတဲ့အချိန်မှာ သူတို့ရဲ့ပျော်ရွှင်မှုတွေကို ပေးဆပ်ခဲ့ရသူတွေပေါ့။ ဒီတော့ကိုယ့်ကို လူ့ဘဝရဲ့အရသာကို အပြည့်အဝခံစားခွင့်ပေးနေတဲ့ အမေကို တစ်လှည့်ပြန်ပြီး လူ့ဘဝရဲ့အရသာကို ခံစားခွင့်ရအောင် ဖန်တီးပေးလိုက်ပါ။ အဲဒီလိုဖန်တီးပေးတဲ့အခါ အမေများနေ့မှာ ခရီးထွက်ဖို့အတွက် စီစဉ်ပေးတာက အမေ့ကိုအပန်းလည်းပြေစေပြီး ၊ အနားလည်းရစေမှာပါ။ သူ့မှာလည်းကိုယ့်ကိုကျွေးမွေးနေရလို့ ခရီးတွေဘာတွေ မထွက်ရတာနှစ်ချီနေတာလည်း ဖြစ်နိုင်တာပဲလေ။ ဒါကြောင့်လက်ဆောင်ဝယ်ပေးမယ့်အစား သူ့ရဲ့စိတ်မှာအမြဲထင်ကျန်နေခဲ့မယ့် ၄ဝ အရွယ် ၊ ၅ဝ အရွယ်ခရီးမျိုးဖြစ်အောင် ဖန်တီးပေးစေချင်ပါတယ်။

အမေများနေ့မှာ အမေ့နေရာကိုအစားဝင်ပေးတာကလည်း အမေ့ကိုပေးနိုင်တဲ့လက်ဆောင်ကောင်းတစ်ခုပါ။ တွေးကြည့်ကြည့်ပါ။ တကယ်လို့သာ ကိုယ်ကအမေ့နေရာကိုတစ်ရက်လောက်ဝင်ကြည့်မယ်ဆိုရင် ဘယ်လိုနေမလဲလို့။ မနက်မိုးလင်းအစောကြီးထမယ်။ တစ်အိမ်လုံးစားဖို့ ဟင်း ၊ ထမင်းချက်ပေးမယ်။ အိမ်သန့်ရှင်းရေးတွေလုပ်ပေးမယ်။ အဝတ်တွေလေ ျှာ်ဖွတ်ပေးမယ်။ အမေနိုးလာတဲ့အချိန်မှာ သူလုပ်ရမယ့်ဝေယျာဝိစ္စတွေကို လုပ်ပြီးသားဖြစ်နေတာသာ တွေ့သွားမယ်ဆိုရင် ဘယ်လောက်တောင်ဝမ်းသာသွားမလဲ။ ဒီနေ့တော့ငါနားလို့ရပြီဆိုပြီး အမေ့စိတ်တွေပေါ့ပါးသွားရင် ဘယ်လောက်တောင် ကုသိုလ်ရလိုက်မလဲ။ နားလည်းနားရပြီး သားသမီးကချက်ကျွေးတာကိုလည်း စားရလို့ အမေကပျော်သွားမှာ သေချာပါတယ်။ အဲဒီနေ့က အမေ့အတွက် စိတ်ချမ်းသာစရာအကောင်းဆုံး အမေများနေ့ဖြစ်သွားမှာပါ။

အမေ့နဲ့အတူတစ်နေ့လုံးအချိန်ဖြုန်းပေးပြီး အမေများနေ့လက်ဆောင်ပေးမယ်ဆိုရင်ရော ဘယ်လိုနေမလဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကလုပ်ငန်းခွင်တွေဝင်နေရတဲ့အတွက် တစ်နေ့တစ်နေ့မအားတော့ အမေ့ကိုအချိန်မပေးနိုင်ဘူး။ ကိုယ့်မှာမနက်မိုးလင်းရုံးသွား ၊ ညမှရုံးပြန်နဲ့ အမေကကိုယ့်မျက်နှာကိုတောင် သိပ်မမြင်ရတော့ရင် သူ့မှာလည်းလွမ်းနေရှာမှာပေါ့။ ဒီတော့ အမေများနေ့မှာခွင့်ယူပြီး တစ်နေ့လုံးအမေနဲ့နေပေးတာက အမေ့ကိုလက်ဆောင်ဝယ်ပေးတာထက် အဆပေါင်းများစွာ ပျော်ရွှင်စေမှာပါ။ အမေသွားချင်တဲ့နေရာတွေကို ခေါ်သွားတာ ၊ အမေ့ကိုအစားအသောက်ကောင်းတွေလိုက်ဝယ်ကျွေးတာ ၊ အမေ့နဲ့တစ်ဆိုင်ဆိုင်မှာထိုင်နေတုန်း နည်းပညာပိုင်းနဲ့ပတ်သက်ပြီး  စိတ်ရှည်လက်ရှည်ရှင်းပြပေးတာတွေ လုပ်ပေးလို့ရပါတယ်။ အမေနဲ့တောင်စဉ်ရေမရ စကားပြောတာတွေ လုပ်ပေးမယ်ဆိုရင် အဓိပ္ပါယ်အရမ်းရှိတဲ့ အမေ့များနေ့လေးဖြစ်သွားမှာပါ။

အမေများနေ့မှာ ဒါလေးတွေလုပ်ပေးတာက ဒီတိုင်းလက်ဆောင်ဝယ်ပေးတာထက်အများကြီး ပိုပြီးတန်ဖိုးရှိပါတယ်။ လက်ဆောင်ဝယ်ပေးတယ်ဆိုတာ ပိုက်ဆံပဲစိုက်ထုတ်ရတာ ၊ အပေါ်မှာပြောခဲ့တာတွေက အင်အားရော ၊မေတ္တာရော ၊ အချိန်ပါ စိုက်ထုတ်ပေးရတာမို့လို့ အမေ့ရင်မှာလည်း အမြဲထင်ကျန်နေမှာပါ။ ဒီတော့ အမေတို့အတွက် အမေများနေ့ကို အမှတ်ရစရာဖြစ်အောင် ဒီနည်းလမ်းလေးတွေသုံးပြီး ဖန်တီးပေးကြရအောင်နော်။ သဘောတူတယ်မလား။

Piki(Akhayar)