နှစ်ဆန်းတစ်ရက်နေ့ဆိုတာ ဘယ်လိုလဲ

နှစ်ဆန်းတစ်ရက်နေ့ဆိုတာ ဘယ်လိုလဲ

သင်္ကြန်အတွင်းမှာ ကောင်းကောင်း အနားယူခဲ့ကြရဲ့လား။ သင်္ကြန်အတက်နေ့ပြီးတဲ့အခါ နှစ်သစ်ရဲ့ပထမဆုံးရက်ဖြစ်တဲ့ “နှစ်ဆန်းတစ်ရက်နေ့” ဆိုတာ ရောက်ရှိလို့ လာခဲ့ပါပြီ။ မြန်မာနိုင်ငံမှာတော့ နှစ်ဆန်း(၁)ရက်နေ့ကို “မင်္ဂလာအခါတော်နေ့” သတ်မှတ်ကျင်းပကြပါတယ်။ ဒီလိုကျင်းပရတဲ့ အကြောင်းကတော့

၁။ သတ္တဝါအားလုံး အနိဋ္ဌာရုံတွေ
ပပျောက်ပြီး ဣဋ္ဌာရုံအပေါင်းနှင့် ပြည့်စုံကြ
စေဖို့
၂။ ဘေးဥပါဒ်အန္တရာယ် ကင်းဝေးကြစေဖို့
၃။ အကုသိုလ်စိတ်တွေ ဖယ်ခွာပြီး ကုသိုလ်စိတ်တွေ ပွားများကြစေဖို့
၄။ အရှက်နှင့်အကြောက် လောကပါလ
တရားနှစ်ပါး ထွန်းကားကြစေဖို့
၅။ ဗြဟ္မဝိဟာရတရားလေးပါး ထွန်းကားပြန့်
ပွားစေဖို့နဲ့
၆။ မင်္ဂလာတရားတော်များ ထွန်းကားပြန့်
ပွားစေဖို့အတွက် ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါတယ်။
နှစ်ဆန်းတစ်ရက်နေ့မှာတော့ ဗုဒ္ဓဘာသာဝင်တွေဟာ ရိုးရာဓလေ့အတိုင်း ဘုရားသွားကျောင်းတက်ပြီး ဥပုဒ်သီလဆောက်တည်တာတွေ၊ ကုသိုလ်ကောင်းမှု ပြုလုပ်ကြပါတယ်။ တန်ခိုးကြီးဘုရားတွေကို ဖူးမျှော်ကာ ကုသိုလ်ကောင်းမှုပြုလုပ်နေကြသလို နှစ်ဆန်းတစ်ရက်နေ့ အစဉ်အလာအတိုင်း ငါးလွှတ်ပွဲတွေ ၊ ငှက်လွှတ်ပွဲတွေ ၊ စတုဒီတာကျွေးပွဲတွေနဲ့ စည်းကားနေပါတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ တစ်နှစ်ပတ်လုံး ကံဇာတာကောင်းမွန်စေဖို့ ရည်ရွယ်ပြီးတော့ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်တဲ့သဘောဖြစ်ပါတယ်။ ဒါကြောင့်မို့ နှစ်ဆန်းတစ်ရက်နေ့မှာ ရန်ဖြစ်တာတွေ၊ ပိုက်ဆံချေးတာတွေ၊ ပူဆွေးငိုယိုတာတွေနဲ့ ဈေးဝယ်တာတွေ မြန်မာ့ရိုးရာယုံကြည်မှုအရ ရှောင်ကြဉ်ကြပါတယ်။

အကိုးအကား ။ အရှင်နန္ဒဝံသ (ဇေယျသုခ ဓမ္မရိပ်သာ) ၊ ၁၃၈ဝခုနှစ် မဟာသင်္ကြန်စာ

ကျော်စိုးအောင် (အခရာ)