အများပြည်သူသုံး Public Area တွေမှာ ဘာတွေကိုရှောင်ကြဉ်ရမလဲ

အများပြည်သူသုံး Public Area တွေမှာ ဘာတွေကိုရှောင်ကြဉ်ရမလဲ

လမ်းမတွေပေါ်မှာ လူတိုင်းဟာ နေ့စဉ်နဲ့အမျှ မလွဲမရှောင်သာ ဖြတ်သန်းသွားလာနေကြရပါတယ်။ တစ်ခါတလေ လမ်းမပေါ်မှာ တွေ့မြင်ရတဲ့ အပြုအမူတွေ၊ အမှိုက်တွေနဲ့ လူတွေရဲ့ အပြောအဆိုတွေက တစ်ဦးပေါ်တစ်ဦး ညှာတာထောက်ထားမှုမရှိဘဲ စိတ်ပျက်စရာအတိဖြစ်နေတာမျိုးတွေလည်း ရှိပါတယ်။ ဒီတော့ ကျွန်မတို့တစ်တွေ လမ်းမတွေနဲ့ အများပြည်သူ သွားလာနားနေရာနေရာတွေမှာ ဘယ်လိုအပြုအမူမျိုးတွေ ရှောင်ကြဉ်သင့်သလဲဆိုတာ တစ်ချက်လောက် ကြည့်ကြည့်ရအောင်နော်။


အညစ်အကြေးစွန့်ပစ်တာ


အညစ်အကြေး စွန့်ပစ်တာလို့ ပြောရင် အပေါ့အလေး စွန့်ပစ်တာလောက်ပဲ လူတွေက မြင်ကြပါလိမ့်မယ်။ ဒီလို မဟုတ်ပါဘူး။ သလိပ်ထွေးတာ၊ နှာချေတာ၊ လေချဉ်တက်တာ ဒါတွေအားလုံးဟာလည်း ကိုယ်တွင်းအညစ်အကြေးတွေကို တစ်နည်းမဟုတ် တစ်နည်းနဲ့ စွန့်ထုတ်နေကြတာပါပဲ။ ဒါကြောင့် လူကြားထဲမှာ တခြားသူ ရွံရှာဖွယ် သလိပ်ထွေးတာ၊ နှာချေတာနဲ့ လေချဉ်တက်တာတွေကို အကာအကွယ်မပါဘဲ မလုပ်သင့်ပါဘူး။ ဥပမာ လူရှင်းတဲ့နေရာသွားပြီးမှ လေချဉ်တက်တာပဲဖြစ်ဖြစ်၊ အိမ်သာထဲသွားပြီးမှ လေလည်တာပဲဖြစ်ဖြစ်ပေါ့။

အမှိုက်တွေစွန့်ပစ်တာ


လူတော်တော်များများက အမှိုက်နဲ့ပတ်သက်လာရင် ဘယ်လောက်ပဲ ပညာပေးအစီအစဉ်တွေ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာပါစေ အမှိုက်ကတော့ စည်းမရှိကမ်းမရှိ ပစ်နေတုန်းပါပဲ။ ဒီလိုမလုပ်ကြပါနဲ့။ ကိုယ့်ရဲ့ အမှိုက်တစ်ခုထဲနဲ့ ဘာမှမဖြစ်ဘူးလို့လည်း မထင်ပါနဲ့။ တစ်ခုပြီး တစ်ခုနဲ့ အများကြီးဖြစ်သွားနိုင်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ အမှိုက်တွေကြောင့် ပတ်ဝန်းကျင်ကိုလည်း ညစ်နွမ်းနိုင်သလို ရွံရှာစရာလည်း ကောင်းပါတယ်။ ကိုယ့်အမှိုက်ကို ကိုယ် ထိန်းသိမ်းပြီး အမှိုက်ပုံးတွေထဲမှာ စနစ်တကျ စွန့်ပစ်ပေးပါ။

ကွမ်းတံတွေးထွေးထုတ်တာ


ကွမ်းစားတာဟာ ဘယ်လို မြန်မာဓလေ့ထုံးစံလို့ပဲ ပြောပါစေ လူကြားထဲမှာနဲ့ အများပြည်သူနားနေအပန်းဖြေတဲ့နေရာတွေမျိုးမှာ ကွမ်းစားပြီး တဗျစ်ဗျစ်နဲ့ ကွမ်းတံတွေးတွေ လျှောက်ထွေးနေမယ်ဆိုရင်တော့ အဆင်မပြေပါဘူးနော်။ လမ်းတွေလည်း ခြေချစရာမရှိအောင် ညစ်ပတ်ကုန်သလို အဲဒီ့ ကွမ်းတံတွေးနီနီရည်တွေကို တဗျစ်ဗျစ်ထွေးနေတာကို မြင်ရတဲ့သူတွေလည်း အော့နှလုံးနာပါတယ်။ ကွမ်းကြိုက်လို့ ကွမ်းစားချင်ရင် ကိုယ့်အိမ်မှာ ကိုယ်စားပါ။

ဆေးလိပ်သောက်တာ


ဆေးလိပ်သောက်တာဟာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ ဘေးပတ်ဝန်းကျင်ကိုပါ ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ ဆေးလိပ်ကြိုက်တာ အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် ရုံးတက်၊ ရုံးဆင်းချိန်ရဲ့ ကားမှတ်တိုင်လိုမျိုး လူတွေပြည့်အုံကျပ်သိပ်နေတဲ့အချိန်နဲ့ နေရာမျိုးတွေမှာ ဆေးလိပ်မသောက်သင့်ပါဘူး။ ကိုယ့်အနီးအနားမှာ ရင်ကျပ်ပန်းနာရောဂါသည်တွေလည်း ရှိနိုင်သလို ဆေးလိပ်ငွေ့ကို မတည့်တဲ့ နောက်ပြီး ဆေးလိပ်ငွေ့ကို မရှုသင့်တဲ့ ကလေးငယ်တွေလည်းရှိနိုင်လို့ပါ။ တချို့နေရာတွေမှာဆိုရင်လည်း ဆေးလိပ်မသောက်ဖို့ ကန့်သတ်ထားတာမို့လို့ ကိုယ်မရောက်ဖူးတဲ့ နေရာအသစ်ကို ရောက်ရင် ဆေးလိပ်သောက်လို့ရမရ အရင်ဆုံးမေးမြန်းပြီးမှ ဆေးလိပ်သောက်ပါ။ ဒီလိုမှမဟုတ်ရင် ဆေးလိပ်သောက်ဖို့ ထားပေးထားတဲ့ Smoking Corner တွေမှာပဲ ဆေးလိပ်သောက်ပါ။

အဆဲလေးနဲ့ စကားပြောဆိုတာ


လူကြားထဲရောက်ရင် ဖုန်းပြောတာတောင် အသံကျယ်ကျယ် မပြောသင့်ပါဘူး။ ဒီလို ယဉ်ကျေးမှုရှိသင့်တာတောင် လူကြားထဲ တစ်ယောက်နဲ့ တစ်ယောက် စနောက်ပြီးတော့ပဲဖြစ်စေ၊ ဒေါသထွက်လို့ပဲဖြစ်စေ ဆဲဆိုပြီး စကားပြောတာကို လုံး၀ လုံး၀ မလုပ်သင့်ပါဘူးနော်။ လူကြီးသူမတွေလည်း ရှိနေမယ်။ ကလေးသူငယ်တွေလည်း ရှိနေနိုင်တယ်။ ကိုယ့်ရဲ့ အရှက်တရားနဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်တဲ့ ဆဲဆိုပြောဆိုတာကတော့ လူကြားထဲမှာတင် မဟုတ်ပါဘူး။ လုံးဝကို ရှောင်ကြဉ်သင့်တာပါ။

တန်းမစီဘဲ အတ္တကြီးတာ


ဈေးဝယ်တာပဲဖြစ်ဖြစ်၊ ကားပေါ်တက်ရင်ပဲဖြစ်ဖြစ် အမြဲတွေ့နေရတာကတော့ တန်းစီဖို့ ပြီးတော့ လူကြီးသူမတွေနဲ့ ကလေးငယ်တွေကို ဦးစားပေးဖို့ မေ့နေပြီး တန်းစီခြင်း အလျဉ်းမရှိဘဲ အတ္တကြီးတဲ့အပြုအမူမျိုးပဲ ဖြစ်ပါတယ်။ ဒါ လုံးဝမလုပ်သင့်ပါဘူးနော်။ ကျော်တက်တာမျိုးဟာ ကိုယ့်ရဲ့ အတွင်းစိတ်ကို ဖော်ပြနေသလိုမျိုးပဲ စည်းကမ်းမရှိဘဲ တိုးကျိတ်လိုက်တာမျိုးဟာလည်း မြင်ရတာဆိုးရွားလွန်းပါတယ်။ လူများနေလို့ မစောင့်နိုင်ရင် မဝယ်ဘဲ လှည့်ပြန်ခဲ့ပါ။ မကျော်တက်ပါနဲ့။ လူကြီးသူမတွေ၊ မသန်စွမ်းတွေနဲ့ ကလေးငယ်လေးတွေကို ဦးစားပေးခြင်းဖြင့် ချစ်ခြင်းမေတ္တာကို ပြသလိုက်ပါ။

ကျွန်မတို့ဟာ လူသားတွေဖြစ်တဲ့အတွက် လူမှုပတ်ဝန်းကျင်မှာ သင့်တင့်လျောက်ပတ်အောင် နေထိုင်ရပါလိမ့်မယ်။ စကားပြောတာဆိုတာ၊ သွားတာလာတာက စတင်လို့ အရာရာ စည်းကမ်းနဲ့ နေထိုင်သင့်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းဆီက ဒီလို အပြုအမူမျိုးတွေကို တစ်ဦးချင်း ဂရုစိုက်ရှောင်ကြဉ်လာမယ်ဆိုရင် သိပ်မကြာခင်အချိန်လေးအတွင်းမှာပဲ မြန်မာနိုင်ငံရဲ့ လမ်းတိုင်း လမ်းတိုင်းဟာ လှပနေတော့မှာပါပဲ။
(Photo Credit)
Moethaesay (Akhayar)