သင်္ကြန်တွင်းအိမ်တွင်းအောင်းမယ့်သူတွေ အပျင်းပြေဘာလုပ်ကြမလဲ

သင်္ကြန်တွင်းအိမ်တွင်းအောင်းမယ့်သူတွေ အပျင်းပြေဘာလုပ်ကြမလဲ

သင်္ကြန်တွင်းမှာ လူတိုင်းရေကစားချင်ကြတာ မဟုတ်ပါဘူး။ မယုံရင်ဒီမှာကြည့်ပါ။ စာရေးသူက သင်္ကြန်တွင်းအိမ်တွင်းအောင်းမယ့်သူလေးဖြစ်ပါတယ်။ နောက်ပြီးကျန်းမာရေးမကောင်းတဲ့သူတွေလည်း ရေထိပြီး အအေးပတ်တာတွေ ဘာတွေကိုရှောင်ရှားချင်တာကြောင့် အိမ်တွင်းအောင်းကြမှာပဲလေ။ ဒီတော့ သူများတွေရေကစားပြီး နှစ်သစ်ကိုဖြတ်သန်းနေချိန်မှာ ကိုယ်တွေကရော ဘယ်လိုအပျော်ရှာကြမလဲ။

ရုပ်ရှင်ကြည့်ပါ
သင်္ကြန်ရုံးပိတ်ရက်မှာ နေကုန်နေခန်းရုပ်ရှင်ထိုင်ကြည့်ပစ်ပါ။ ရုံးတက်နေရချိန် ညမှအိမ်ပြန်ရောက်လို့ ရုပ်ရှင်လေးကြည့်မယ်ကြံလိုက်တိုင်း ပင်ပန်းလွန်းလို့ အိပ်ရာထဲပစ်လဲခဲ့ရတဲ့ နေ့တွေ ၊ ညတွေအတွက် အတိုးချပြီး ရုပ်ရှင်ကြည့်ပစ်ပါ။ ကိုယ်ကြိုက်တဲ့ရုပ်ရှင်ဇာတ်လမ်းတွဲတွေကြည့်ပစ်ပါ။ စာရေးသူကတော့ Game of Thrones ကိုစောင့်နေပါတယ်။ ဇာတ်ကားဆိုရင်လည်း တစ်ကားပြီးတစ်ကားကြည့်ပါ။ ရေမချိုး ၊ ထမင်းမစားကြည့်ချင်လည်းဖြစ်ပါတယ်။ ထမင်းတော့နည်းနည်းစား ၊ ရေမချိုးတာကဖြစ်တယ်။ စာရေးသူကတော့ချိုးမှာပါ။ အပြင်မသွားရင်တောင် တစ်ကိုယ်ရေသန့်ရှင်းရေးက အရေးကြီးတယ်လေ။

Webtoon တွေဖတ်ပါ ၊ စာအုပ်တွေဖတ်ပါ
ရုပ်ရှင်ကြည့်ရတာ ခေါင်းတွေမူးလာပြီဆိုရင် ခဏလေးနားပြီး Webtoon လေးဖြစ်ဖြစ်ဖတ်လိုက်ပါ။ စာရေးသူကတော့ Webtoon အသေဖတ်ပါတယ်။ Webtoon ထဲက Comics တွေရဲ့ Character ပုံလေးတွေကိုချစ်လွန်းလို့။ Webtoon တွေ ၊ Comic တွေမဖတ်ချင်ရင်လည်း စာအုပ်ပြောင်းဖတ်လို့ရပါတယ်။ ပိတ်ရက်အတွင်းမှာ ဖတ်ဖို့အကြွေးကျန်နေတဲ့ စာအုပ်တွေကိုဖတ်ပါ။ စာရေးသူစာအုပ်ဖတ်ရင် အရမ်းစိတ်ပါတဲ့အခါဆို တစ်ရက်ကို နှစ်အုပ်လောက်ဖတ်နိုင်ပါတယ်။ တချို့သူတွေကတော့ ပိုမြန်ရင်မြန်မယ် ၊ ပိုနှေးရင်နှေးမယ်။ တစ်ယောက်နဲ့တစ်ယောက်မှ မတူကြတာပဲ။ ဘယ်လိုနေနေ စာအုပ်လေးဖတ်ရင်း အချိန်ဖြုန်းတာလောက် ကောင်းတဲ့ခံစားချက်ဆိုတာလည်း သိပ်မရှိပါဘူး။ နွေခေါင်ခေါင် အိမ်ထဲပူပူလောင်လောင်နဲ့ ချွေးထုတ်ခန်းလို့သဘောထားပြီးစာဖတ်ကြတာပေါ့။

Game ဆော့ပါ
အိမ်မှာ XBox တို့ Play Station တို့ရှိတဲ့သူတွေအတွက်ကတော့ သင်္ကြန်ပိတ်ရက်က မွေးနေ့ပွဲလိုပါပဲ။ တစ်နေ့လုံးဂိမ်းဆော့နိုင်တဲ့သူတွေရှိပါတယ်။ စာရေးသူပါအပါအဝင်ပေါ့။ ဂိမ်းဆိုတာဆော့လိုက်ရင် တော်တော်နဲ့ရပ်လို့ရတဲ့အမျိုးမဟုတ်တော့ ကွက်တိပဲဖြစ်သွားတာပေါ့။ ပိတ်ရက်ကိုဆက်တိုက်ဆော့ပစ်လိုက်ပါ။ Online မှာ PUBG တို့ ML တို့ပစ်တဲ့သူတွေအတွက်လည်း တစ်ပွဲပြီးတစ်ပွဲနွဲလို့ရပါတယ်။ စိတ်ရှိသလောက်ကို အားရပါးရ အတိုးချပြီး ဆော့ပစ်မယ်လို့ကြံထားတဲ့သူတွေလည်းရှိမှာပါ။ အကြံတူရန်သူပဲဟေ့။

ကိုယ်ပစ်ထားတာကြာပြီဖြစ်တဲ့အရာတစ်ခုခုကိုပြန်လုပ်ကြည့်ပါ
ဥပမာပြောရရင် ပန်းချီဆွဲတာတို့ ၊ ဂစ်တာတီးတာတို့ ၊ Hand-made လုပ်တာတို့ စသဖြင့်ပေါ့။ အသက်တွေကြီးလာလို့ လုပ်ငန်းခွင်ဝင်တဲ့အခါမှာ ကိုယ်ဝါသနာပါတာလေးတွေကို ပစ်ထားလိုက်ရတာကို လူတိုင်းကြုံရမှာပါ။ အချိန်မပေးနိုင်တော့တာက အဓိကအကြောင်းပြချက်ပေါ့။ ဒီလိုရက်ရှည်ပိတ်ရက်မျိုးက ကိုယ့်ရဲ့ဝါသနာပါရာ တစ်ခုခုကို ပြန်ပြီးအစဖော်ဖို့ အကောင်းဆုံး အခွင့်အရေးတစ်ခုပါပဲ။ ဒါကြောင့်ဒီသင်္ကြန်ပိတ်ရက်မှာ ကိုယ်ပစ်ထားတာတစ်ခုခုကို ပြန်ပြီးလုပ်ကြည့်တာက ကိုယ့်ကိုယ်တစ်မျိုးတစ်မည်တော့ ခံစားချက်လေးတွေ ပေးနိုင်မယ်ထင်ပါတယ်။

ပရိသတ်ကြီးတို့ရော အိမ်တွင်းအောင်းပြီး လုပ်မယ်လို့ကြံထားတဲ့ဟာတွေ ရှိနေကြလား။ စာရေးသူနဲ့အကြံဉာဏ်ကွဲတဲ့သူတွေ ၊ စာရေးသူထက်အကြံပိုကောင်းတဲ့သူတွေ ရှိနေကြလား။ ပြောကြပါဦး။

Piki (Akhayar)