ကိုယ်ကသူ့ကိုချစ်နေမိပြီဆိုတာဘယ်လိုသိနိုင်မလဲ

ကိုယ်ကသူ့ကိုချစ်နေမိပြီဆိုတာဘယ်လိုသိနိုင်မလဲ

အချစ် အချစ် အချစ်…..ပါးစပ်ကနေရွတ်ဖို့တော့လွယ်တဲ့ စကားလုံး။ ဒါပေမယ့် လက်တွေ့မှာဖမ်းဆုပ်နိုင်ဖို့ ခက်ခဲတဲ့အချစ်။ ကျွန်မတို့ရည်းစားထားကြတယ်။ ဒီထဲမှာတချို့သူတွေက ငါသူ့ကိုချစ်ရောချစ်ရဲ့လား ၊ ဒီတိုင်းသဘောကျတာရော မဖြစ်နိုင်ဘူးလားဆိုပြီး တွေးမယ်။ မဟုတ်ဘူး ၊ တွေးကိုတွေးတယ်။ ကျွန်မတို့ဘဝမှာ လူတစ်ယောက်ကို ချစ်လား မချစ်ဘူးလားဆိုတာကို ဝေခွဲမရဖြစ်တဲ့အချိန်တွေ ကြုံကိုကြုံရမှာပါ။ ဒီတော့ သူ့ကိုချစ်လား မချစ်ဘူးလားဆိုတာ ဘယ်လိုသိနိုင်မှာလဲ။
သူ့ကိုချစ်မိပြီဆိုရင် –

သူ့ကိုပဲငေးနေမိတယ်


ကိုယ့်ရဲ့ချစ်သူက ကိုယ့်ကိုကြင်ကြင်နာနာကြည့်နေတာမျိုးကို လက်ပူးလက်ကြပ်မိလိုက်ရင် သိလိုက်ပါ ၊ သူကသင့်ကိုတစိမ့်စိမ့်ကြည့်ရတဲ့ထိချစ်မိနေပြီမို့လို့ပါ။ မျက်လုံးအကြည့်နဲ့ကြည့်နေမိတယ်ဆိုတာက သင်ဟာတစ်ခုခုကို စွဲလမ်းနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ သင့်မျက်လုံးကသင့်ချစ်သူဆီအမြဲရောက်နေမယ်ဆိုရင် သေချာပါတယ် သင်သူ့ကိုချစ်မိနေပြီမို့လို့ပါ။

သူတို့အကြောင်းကိုအမြဲတွေးနေမိတယ်


တစ်ယောက်ယောက်ကိုကြည့်မိရင် သူတို့အကြောင်းကိုခေါင်းထဲကထုတ်မရဘူးလို့ခံစားရလိမ့်မယ်။ ဒါကဘာဖြစ်လို့လဲဆိုတော့ သင့်ရဲ့ဦးနှောက်က တစ်စုံတစ်ယောက်ကိုချစ်မိတဲ့အခါ “Love Drug” Phenylethylamine ဆိုတဲ့ ဟော်မုန်းဓာတ်ကို ထုတ်ပေးတာကြောင့်ဖြစ်တယ်။ ဒီဟော်မုန်းက ကိုယ့်ချစ်သူနဲ့ကိုယ်ကြားမှာပြင်းထန်တဲ့စွဲလမ်းမှုတွေဖြစ်စေတယ်။ ဒီစွဲလမ်းတဲ့ဓာတ်ကို ခံစားဖူးရင် ခံစားဖူးမယ်။ ဘာလို့လဲဆိုတော့ ဒီဓာတ်ကို ချောကလက်တွေမှာလည်း တွေ့ရလို့ပါ။ ချောကလက်တစ်ကိုက်ကိုက်ပြီးတာနဲ့ ထပ်စားချင်တာ ဒါကြောင့်ပဲလေ။

သူတို့ကိုပျော်စေချင်တယ်


တစ်ယောက်ယောက်ကိုချစ်မိပြီဆိုရင် သူ့ရဲ့ပျော်ရွှင်မှုက ကိုယ့်အတွက်အရမ်းအရေးပါတာကို တွေ့ရလိမ့်မယ်။ ကိုယ့်ချစ်သူမိုးရေထဲမှာလမ်းလျှောက်လို့စိုနေတာကို မစိုအောင်လိုက်လုပ်ပေးတာ ၊ သူမအားတဲ့နေ့တွေမှာသူစားရပါစေဆိုပြီး မနက်စာတွေပြင်ထားပေးတာလိုမျိုးတွေကို ကိုယ့်ချစ်သူအဆင်ပြေပါစေ ပျော်ပါစေဆိုပြီးလုပ်ပေးလာရင် သူ့ကိုချစ်နေပြီဆိုတာသေချာပါတယ်။

စိတ်ဖိစီးမှုတွေများလာတတ်တယ်


အချစ်ဆိုတာ နွေးထွေးပြီး မှုန်ဝါးဝါး ခံစားချက်မျိုးနဲ့ တွဲဖက်လေ့ရှိပေမယ့် အချစ်က စိတ်ဖိစီးမှုရဲ့အရင်းအမြစ်လည်းဖြစ်တတ်ပါတယ်တဲ့။ ချစ်မိနေရင်တစ်ခါတစ်လေမှာ ကိုယ့်ဦးနှောက်က စိတ်ဖိစီးစေတဲ့ဟော်မုန်းကို ထုတ်ပေးတတ်တယ်တဲ့။ တကယ်လို့ခါတိုင်းထက်နည်းနည်းပိုပြီး စိတ်မရှည်ဖြစ်နေတယ် ၊ ထိတ်လန့်နေတယ်ဆိုရင် စိတ်မကြည်လို့ဖြစ်နိုင်ပေမယ့် ချစ်မိနေတာလည်းဖြစ်နိုင်ပါတယ်။

အသစ်အဆန်းတွေလုပ်မိလာတယ်


အချစ်ဇာတ်လမ်းတွေရဲ့အစပိုင်းတွေမှာ လူတိုင်းကချိန်းတွေ့တဲ့အခါတိုင်း ကိုယ့်ရဲ့ချစ်သူက ကိုယ့်ကိုအထင်ကြီးစေချင်တယ်။ ဒါပေမယ့်တွဲလာတာကြာတာတောင်မှ ကိုယ့်ချစ်သူကြိုက်တဲ့အရာတွေကို တစ်ချိန်လုံးလိုက်လုပ်နေတုန်းဆိုရင် သေချာပါတယ် ၊ သင့်ကိုအချစ်ပျားတုပ်သွားပြီ။ ဒါ့အပြင်လေ့လာချက်တွေအရ ရည်စားရသွားတဲ့သူတွေက နောက်ပိုင်းမှာမှ မတူညီတဲ့အကျင့်စရိုက်တွေ စိတ်ဝင်စားမှုတွေ ဖြစ်လာတာကိုတွေ့ရတယ်တဲ့။

နှလုံးခုန်သံတွေတူညီနေတတ်တယ်တဲ့


ကိုယ့်ချစ်သူကို မြင်လိုက်ရရင် ရင်တွေတုန်ပြီး နှလုံးတွေခုန်လာတာတော့ အသေအချာပဲ။ ဒါပေမယ့် လေ့လာချက်တစ်ခုမှာဖော်ပြထားတာက ချစ်မိတဲ့သူတွေက နှလုံးခုန်သံတွေညီနေတယ်တဲ့။ ပြောချင်တာက ချစ်မိသွားတဲ့သူနှစ်ယောက်က နှလုံးခုန်နှုန်းချင်းတဖြည်းဖြည်းတူလာတာဖြစ်တယ်။ ဒါကိုတော့အပြင်ကကြည့်တာနဲ့မသိသာပေမယ့် ဆရာဝန်သုံးတဲ့နားကြပ်လေးနဲ့နားထောင်ရင်တော့ သိနိုင်ပါတယ်နော်။ ဘယ်လိုနေနေ ရင်ခုန်သံတွေထပ်တူညီနေတယ်ဆိုတဲ့ ခံစားချက်က ခံစားလို့ကောင်းတာတော့ အမှန်ပဲ။

အော့အော့ကြီးတွေလည်း မရွံတော့ဘူး


ရှင်းရှင်းလေးဥပမာပေးရရင် ကိုယ့်ချစ်သူက ထမင်းတွေစားပြီး ပါးစပ်လည်းသေချာမဆေးရသေးဘဲ ကိုယ့်ကိုလာနမ်းတာကို ပြန်နမ်းတယ်ဆိုရင် သေချာပါတယ် သင်သူ့ကိုချစ်မိနေပြီ။ ကိုယ်ကအရမ်းရွံတတ်ပေမယ့် သူနဲ့အတူဇွန်းတစ်ချောင်းတည်းစားတတ်ရင် သင်သူ့ကိုချစ်မိနေပါပြီ။ သူနှပ်ချေးနှိုက်ပြီးဘောင်းဘီနဲ့ကောက်သုတ်တာကို အာ…ရွံစရာကြီးလို့ မတွေးဘဲ ၊ မညစ်ပတ်နဲ့လက်သွားသုတ်လို့ပြောပြီး သူညစ်ပတ်တာလေးကို သဘောကျတတ်ရင် သေချာတယ်သူ့ကိုချစ်မိနေပါပြီ။

သူတို့ရဲ့အကျင့်စရိုက်လေးတွေကို သဘောကျလာတယ်


လူတစ်ယောက်ကိုသိလာရင် သူ့ရဲ့အကျင့်စရိုက်တွေကိုယ့်ကိုကူးလာတာ သဘာဝပါပဲ။ တကယ်လို့လူတစ်ယောက်ကိုချစ်မိပြီဆိုရင် သူ့ရဲ့အကျင့်တွေက သင်သူ့ကိုချစ်မိတဲ့ထဲက အကြောင်းပြချက်တချို့ဖြစ်နိုင်ပါတယ်။ ဒီတိုင်းထိတွေ့ဆက်ဆံနေတာထက် သေးငယ်တဲ့အကျင့်စရိုက်လေးတွေက လူတစ်ယောက်အပေါ် ပိုပြီးစွဲလမ်းမှုဖြစ်စေတယ်တဲ့။ ဘာလို့လဲဆိုတော့ လူတွေမှာက ထူးခြားတဲ့ပင်ကိုစရိုက်တွေရှိတာကိုး။ အစပိုင်းမှာသူတို့အကျင့်တွေကို ဒီတိုင်းဝေဖန်မိပေမယ့် နောက်ပိုင်းမှာသူတို့အကျင့်လေးတွေကို သဘောကျလာရင် သူတို့ကိုချစ်မိနေလို့ပါ။

Piki (Akhayar)