သင်္ကြန်ကို ရုပ်ဆိုးစေမယ့် ရှောင်ကြဉ်ဖွယ် အပြုအမူများ

သင်္ကြန်ကို ရုပ်ဆိုးစေမယ့် ရှောင်ကြဉ်ဖွယ် အပြုအမူများ

သင်္ကြန်လည်း ကျတော့မယ်ဆိုတော့ ဒီတစ်နှစ်သင်္ကြန်မှာ ဘာတွေလုပ်ရင်ကောင်းမလဲ စဉ်းစားပြီးကြပြီလား။ ပွဲတော်တစ်ခုခုကို ရောက်လာတိုင်း ဘာတွေလုပ်မလဲတင်မကပါဘူး။ ဘာတွေ မလုပ်ရဘူးလဲဆိုတာကိုပါ တစ်ခါတည်း စဉ်းစားကြဖို့ တိုက်တွန်းချင်ပါတယ်။ ဒီ Post က ဆရာကြီးလုပ်တဲ့ Post တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း သင်္ကြန်ရောက်တဲ့အခါတိုင်း ကြားနေရ၊ မြင်နေကြ မမြင်မတော်ဖွယ်ဖြစ်ရပ်တွေကို နည်းနည်းလောက်ပဲဖြစ်ဖြစ် စောင့်ထိန်းသွားနိုင်ဖို့အတွက် ရေးသားလိုက်ပါရစေ။

ကိုယ်ထိလက်ရောက်စနောက်မှုများ
စနောက်တယ်ဆိုတာဟာ ချစ်စဖွယ်မြန်မာလူမျိုးတွေရဲ့ ပျော်ရွှင်ဖွယ်အကျင့်စရိုက်တစ်ခုပဲ ဖြစ်ပါတယ်။ ပါးစပ်နဲ့ စနောက်နေကြတာကလည်း သင်္ကြန်အချိန်အခါသမယမှာ ခွှင့်လွှတ်ပြီး ပျော်ရွှင်စရာအဖြစ် သဘောထားလို့ ရပါသေးတယ်။ ဒါပေမယ့် ကိုယ်လက်ထိပါးပြီးစနောက်တာကိုတော့ အပျော်ဖြစ်ဖြစ်၊ အတည်ဖြစ်ဖြစ် လုံးဝမလုပ်ဖို့ မေတ္တာရပ်ခံပါရစေ။ ဒါဟာ မိန်းကလေးတွေအတွက်ပဲ ပြောတာမဟုတ်ပါဘူး။ ယောက်ျားလေးတွေအတွက်ရောပါပဲ။ ခပ်ရဲရဲမိန်းကလေးတွေလည်း ယောက်ျားလေးတွေဆို ထိတိုင်းကိုင်တိုင်း ဘာမှမဖြစ်ဘူးလို့ မထင်ပါနဲ့။ ဖြစ်ပါတယ်။ ဘယ်သူကိုမှ ကိုယ်ထိလက်ရောက်စနောက်လို့မရပါဘူး။ ဥပမာ ရေပတ်ရင်း ခေါင်းကိုင်တာမျိုးတွေ၊ လက်ဆွဲတာမျိုးတွေက စလို့ပေါ့။

တရားလွန်အရက်သေစာသောက်သုံးမှုများ
ပျော်လို့ အရက်သောက်တယ်၊ ဘီယာသောက်တယ်ဆိုတာ လူငယ်တွေရဲ့ သဘာဝပါ။ ဒါပေမယ့် တစ်နေကုန်ကဲတဲ့ သင်္ကြန်လိုနေ့မျိုးတွေမှာ မိုးလင်းမိုးချုပ် သောက်ပြီး တရားလွန်မူးရူး၊ ထိန်းမနိုင်သိမ်းမနိုင်မဖြစ်ကြဖို့ တောင်းဆိုချင်ပါတယ်။ တခြားလူတွေလည်း စိတ်အနှောင့်အယှက်ဖြစ်ရသလို မမျှော်လင့်ဘဲ အသက်သေဆုံးသည်အထိ ဆိုးရွားလာတတ်တာမို့ ကိုယ့်ရဲ့ အသက်ကို ဉာဏ်လေးနဲ့ စောင့်ရှောက်ပြီး ထိန်းထိန်းသိမ်းသိမ်းပျော်ရွှင်ကြရအောင်။

ရန်လုပ်ရန်ပြုမှုများ
တချို့တွေက အသားထိ၊ ဓားကြည့်ဆိုတဲ့လူတွေရှိပါတယ်။ အဲဒီလိုလူမျိုးတွေက သင်္ကြန်ရေမဆော့တာ အကောင်းဆုံးပါပဲ။ ဆော့ပြီဆိုရင်လည်း ဒီလိုစိတ်မျိုးကို လုံးဝလုံး၀ ဖျောက်ထားဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ လမ်းမပေါ်မှာ တိုက်မိတိုင်း ရန်ဖြစ်၊ ထိမိတိုင်း ရန်ဖြစ်နဲ့ ရန်ပွဲတွေချည်းပဲ ဆက်တိုက် ဖြစ်နေတော့မှာပါပဲ။

ကြမ်းကြမ်းတမ်းတမ်းရေကစားမှုများ
တချို့တွေက မတရားရေကစားကြပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ Pressure Gun တွေနဲ့ လိုက်ထိုးတာမျိုး၊ အရှိန်အပြင်းဆုံး မီးသတ်ပိုက်တွေနဲ့ တေ့ထိုးတာမျိုး၊ ခွက်စောင်းအုပ်တာမျိုးတွေပါပဲ။ ဒါတွေဟာ လူကို ထိခိုက်စေပြီး တစ်ခါတလေ ရှောင်ရင်းရှားရင်း ကားပေါ်က ပြုတ်ကျတာမျိုးတွေအထိပါ ဖြစ်တတ်ပါတယ်။ ဒီတော့ တစ်ဦးနဲ့တစ်ဦး နှစ်သစ်ကူးကို ကြိုဆိုတဲ့အချိန်မှာ သာသာယာယာ၊ ချမ်းချမ်းမြေ့မြေ့ ဖြတ်သန်းကြတာ မကောင်းဘူးလား။

ကဲ ဒီတော့ မကောင်းတာရှောင်၊ ကောင်းတာဆောင်ရင်း ငြိမ်းငြိမ်းချမ်းချမ်း ရေကစားကြရအောင်နော်။ ရန်ဖြစ်တာတွေ၊ အမူးလွန်တာတွေ၊ ကိုယ်ထိလက်ရောက်စနောက်တာတွေနဲ့ မကောင်းတာတွေ ဘာမှဖြစ်မလာဘဲ နှစ်သစ်မှာ လိုတိုင်းရစိတ်ချမ်းသာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Moethaesay (Akhayar)