လူကြီးလုံးလုံးမဖြစ်သေးခင်က ဘယ်လိုမနက်စာကို နှစ်နှစ်ခြိုက်ခြိုက် စားခဲ့ကြလဲ

လူကြီးလုံးလုံးမဖြစ်သေးခင်က ဘယ်လိုမနက်စာကို နှစ်နှစ်ခြိုက်ခြိုက် စားခဲ့ကြလဲ

မနက်စာဆိုတာ တစ်နေ့လုံးမှာအရေးအပါဆုံး အစားအစာဖြစ်ပါတယ်။ မနက်စာကို ဝဝလင်လင်စားမှ တစ်နေ့လုံးကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်မှာ ၊ လန်းလန်းဆန်းဆန်းရှိနေမှာဖြစ်ပါတယ်။ ဒီမနက်စာစားတဲ့အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက်အကြိုက်မတူဘူးလေ။ တခြားသူတွေတော့ မသိဘူး ကိုယ်ဆိုအလုပ်စဝင်တဲ့အချိန်ကစပြီး မနက်စာကို ကောင်းကောင်းမွန်မွန် မစားရတော့တာ နှစ်နဲ့ချီသွားတယ်လို့တောင် ခံစားရပါတယ်။ အရင်တုန်းက ကိုယ့်ရဲ့မနက်ခင်းတွေဆိုတာက

မုန့်ဟင်းခါး ၊ အုန်းနို့ခေါက်ဆွဲနဲ့ အသုပ်စုံတွေ


မိုးလင်းပြီဆိုတာနဲ့ လမ်းထိပ်ထွက်ပြီး လိုက်ရှာတဲ့ဆိုင်က မုန့်ဟင်းခါးဆိုင်။ အဲဒါတောင် မနက် ၇ နာရီလောက်ဆိုင်ကိုမရောက်ရင် ပဲကြော်တွေ ၊ ဘူးသီးကြော်တွေဆိုတာ ဘယ်ဆီမှာနေလည်းမသိဖြစ်သွားတာ။ အရင်တုန်းက အလုပ်လည်းမလုပ်ရတော့ မနက်ပိုင်းကို မုန့်ဟင်းခါးဆိုင်ကို အမြဲလိုလိုရောက်ဖြစ်တယ်။ ရောက်ရင် မုန့်ဟင်းခါးလေးတစ်ပွဲအရင်မှာတယ် ၊ စိတ်ပါရင် အသုပ်လေးတစ်ပွဲထပ်မှာတယ် ၊ ပြီးရင်မုန့်ဟင်းခါးအရည်ပဲ သပ်သပ်ထပ်မှာပြီးစားတယ်။ ဗိုက်ကိုဆိုတင်းနေတာပဲ။ အခုဆိုရင်တော့ ရုံးကိုဗိုက်ဟောင်းလောင်းနဲ့သွားနေရတာ စိတ်တောင်မကောင်းဘူး။

အကြော်စုံတွေ


အကြော်စုံကိုနောက်ဆုံးစားဖြစ်ခဲ့တာ ၇ တန်းလောက်တုန်းကလို့ ပြောရင်ယုံမှာလား။ မယုံရင်လည်း မတတ်နိုင်ဘူး။ ကိုယ့်ဘဝမှာ အကြော်စုံကို ၇ တန်းအထိပဲ စားခဲ့ရတယ်။ ဘာလို့လဲဆိုတော့ လမ်းထဲက အကြော်ရောင်းတဲ့အဒေါ်ကြီးက ကိုယ် ၇ တန်းမှာ အိမ်ပြောင်းသွားလို့ သူ့ရဲ့အကြော်ဆိုင်လေးလည်း ပျောက်ဆုံးသွားခဲ့တာပေါ့။ ဒါပေမယ့် ကိုယ့်အတွက် အကြော်စားလို့ အကောင်းဆုံးအချိန်က ဆောင်းတွင်းမနက်တွေပဲ။ ငယ်ငယ်တုန်းကတော့ အခုလိုအပျင်းမထူတော့ မနက်ဆိုရင် ၅ နာရီလောက်ထပြီး အစ်ကိုတွေအမတွေနဲ့ လမ်းလျှောက်ထွက်တယ်။ အဲဒီလိုလမ်းလျှောက်ထွက်တိုင်း အကြော်ဆိုင်ကို မနက် ၆ နာရီလောက်ရောက်တယ်။ မြူလေးတွေဆိုင်းနေတဲ့အချိန်မှာ အကြော်ပူပူနွေးနွေးလေးနဲ့ ရေနွေးကြမ်းကိုသောက်ရင်း မောင်နှမတွေ စကားတွေပြောခဲ့ကြတဲ့အချိန်တွေက အရမ်းကိုပျော်ဖို့ကောင်းခဲ့တယ်။ ဒါကြောင့် အသက်ကြီးလာတော့ မောင်နှမတွေလည်း ကွဲသွားကြပြီး အကြော်ဆိုင်လေးလည်းပျောက်သွားတော့ အပြင်မှာတောင် အကြော်ဆိုင်တွေတွေ့ရင်လည်း မစားဖြစ်တော့ဘူး။ အခုနောက်ပိုင်းလည်း အကြော်စုံဆိုတာ မနက်စာအနေနဲ့စားဖို့ကို ရှာလို့လည်းမရတော့ဘူး။ (ကိုယ့်လမ်းထဲမှာပြောပါတယ် ၊ တခြားမှာတော့ရှိရင်ရှိမှာပါ)

ကောက်ညှင်းပေါင်း ၊ ငချိတ်ပေါင်း


ဘာလို့ကောက်ညှင်းပေါင်းမစားဖြစ်တော့တာလဲဆိုတော့ ၊ အလုပ်သွားဖို့ထတဲ့အချိန်မှာ ဟိုပြင်ဒီပြင်နဲ့ ကောက်ညှင်းပေါင်းသည်ကိုလည်း ဖမ်းမမိတော့လို့ပါ။ ပိုဆိုးတာက တစ်ခါတလေဆိုရင် ကောက်ညှင်းပေါင်းသည်က မနက်ဝေလီဝေလင်းထဲကလာတယ် ၊ ကိုယ်ကအဲဒီအချိန်ဆို အိပ်ရာထဲမှာသေတုန်း…..အဲလေအိပ်တုန်းလို့။ ဒါကြောင့်ကောက်ညှင်းပေါင်းနဲ့ဝေးနေတာလည်းကြာပါပြီ။

ထမင်းကြော် ၊ ထမင်းဆီဆမ်း


ငယ်ငယ်ကဆိုရင်လေ မနက်တိုင်းမနက်တိုင်း အမေကြော်ကျွေးတဲ့ ပဲပြုတ်နဲ့ထမင်းကြော်လေးကိုစားပြီးတော့ ဝမ်းတွေဝပြီး တစ်နေ့တာကိုဖြတ်သန်းခဲ့တာပေါ့နော်။ အခုဆိုရင် အမေနဲ့ဝေးနေတဲ့သူတွေလည်း အများကြီးရှိမှာပါ။ တစ်နယ်ရပ်ခြားကနေ ရန်ကုန်မြို့ကြီးမှာ အလုပ်လာလုပ်လို့ အမေကြော်ကျွေးတဲ့ ပဲပြုတ်ထမင်းကြော်လေးကို လွမ်းနေတဲ့သူတွေလည်းရှိမှာပါ။ ကိုယ်ကတော့ပဲပြုတ်ထမင်းကြော်ရော ပဲပြုတ်ထမင်းဆီဆမ်းရော နှစ်ခုလုံးမကြိုက်ပါဘူး။ ဒါပေမယ့် တချို့သောကြိုက်တဲ့သူတွေကို ထောက်ထားပြီး ပဲပြုတ်ထမင်းကြော် ၊ ထမင်းဆီဆမ်းကို လွမ်းဆွတ်နေတဲ့ မနက်စာအဖြစ် ထည့်ပြီးရေးလိုက်တာပါ။

ပဲပြုတ်နံပြား


ပဲပြုတ်နံပြားကို ခုထိပုံမှန်စားဖြစ်တယ်ဆိုရင် လေးစားတယ်လို့ပြောလိုက်ပါမယ်။ အိမ်ကအမေဝယ်ပေးထားရင်တော့ တစ်မျိုးပေါ့။ ကိုယ့်ဟာကိုယ်ဆိုရင်တော့ အလုပ်မသွားခင် မနက်အစောကြီးထပြီး ပဲပြုုတ်နံပြားစောင့်တဲ့အထိ အပင်ပန်းခံကြလား။ ကိုယ်ကတော့ အဲဒီလိုအစောကြီးမထနိုင်လို့ ပဲပြုတ်နံပြားမစားရတာ နှစ်ကာလတွေလည်း ကြာမြင့်ခဲ့ပါပြီ။ ဖြစ်နိုင်ရင် ပဲပြုတ်နံပြားလေးလည်း မနက်စာအဖြစ်စားချင်ပါတယ်။

အချိန်မရှိတာတွေ ၊ မထနိုင်တာတွေ ကုန်ကုန်ပြောရရင် လူကြီးဖြစ်လာတာ (Adult ဖြစ်လာပြီးတဲ့နောက်ပိုင်း) ခေတ်ရဲ့အခြေအနေတွေကလည်း ပြောင်းလဲလာတော့ ကိုယ်တွေအရင်တုန်းက စားနေကျမနက်စာတွေထက်

ကော်ဖီနဲ့ပေါင်မုန့်ထောပတ်သုတ်တို့ ၊ လက်ဖက်ရည်နဲ့ အီကြာကွေးတို့လောက်ပဲ ရုံးမသွားခင်ဖြစ်သလို ကြိတ်နေရတော့တယ်။ ဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင် အလုပ်တွေတစ်ပတ်လောက်မတက်ပဲ ၊ အရင်ကလို မနက်စာကိုစိတ်တိုင်းကျစားလိုက်ချင်ပါတယ်။ ဒီလိုစိတ်ဆန္ဒရှိနေတာ ကိုယ်တစ်ယောက်တည်းလည်း မဟုတ်လောက်ဘူးထင်ပါတယ်နော်။ ပရိသတ်ကြီးတို့ရော အလုပ်တွေလုပ်ပြီး လူကြီးတစ်ယောက်ဖြစ်မလာခင်တုန်းက ဘယ်လိုမနက်စာမျိုးကို ခုံခုံမင်မင်စားခဲ့ကြလဲ။

Photo Credit

Piki (Akhayar)