စိတ်ရဲ့ကျေးကျွန်မဖြစ်အောင် ခံစားချက်တွေထိန်းချုပ်ဖို့ ဘာလို့လိုတာလဲ

စိတ်ရဲ့ကျေးကျွန်မဖြစ်အောင် ခံစားချက်တွေထိန်းချုပ်ဖို့ ဘာလို့လိုတာလဲ

စိတ်ဆိုတာ စွမ်းအားအရမ်းကြီးတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ ခန္ဓာအင်အားအရမ်းကောင်းပါတယ် ၊ သန်စွမ်းလွန်းပါတယ်ဆိုတဲ့ သူတွေတောင်မှ စိတ်မဆောင်ရင် ဘယ်အရာကိုမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ပါဘူး။ အားနည်းတယ် ၊ မသန်စွမ်းဘူး ၊ ကျန်းမာရေးမကောင်းဘူးဆိုတဲ့သူတွေတောင် စိတ်ဆောင်တဲ့အခါကျတော့ မဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာတွေကို ဖြစ်အောင်လုပ်နိုင်ကြတယ်။ စိတ်ကအဲဒီလောက်ကို စွမ်းအားကြီးတာပါ။

စွမ်းအားကြီးတဲ့အရာတွေမှာလည်း ကြောက်ဖို့ကောင်းတဲ့ ဘေးထွက်ဆိုးကျိုးဆိုတာရှိစမြဲပဲလေ။ ဒါကြောင့်စိတ်မှာလည်း ခံစားချက်ဆိုတဲ့ မကောင်းဆိုးဝါးလေးက တွဲပြီးအသက်ရှင်နေတယ်။ဘာလို့ခံစားချက်ကို မကောင်းဆိုးဝါးနဲ့တင်စားလဲဆိုတော့ ခံစားချက်တော်တော်များများက လူရဲ့ဆင်ခြင်တုံတရားကို လွှမ်းမိုးနိုင်ပြီး ဆုံးဖြတ်ချက်တွေ လွဲမှားစွာချမိအောင် သွေးဆောင်နိုင်လို့။

စိတ်ခံစားချက်တွေမှာ အမျိုးအစားအမျိုးမျိုးရှိပါတယ်။ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း ၊ ပူပန်ခြင်း ၊ သောကရောက်ခြင်း ၊ သနားခြင်း ၊ ချစ်ခြင်း စသဖြင့်ပေါ့။ ဘယ်ခံစားချက်ဖြစ်ပါစေ အလွန်အကျူး ခံစားမိတဲ့အခါမှာ လူကိုအန္တရာယ်ဖြစ်စေတယ်။ ဥပမာပေးရမယ်ဆိုရင် ဝမ်းနည်းတယ်ဆိုတဲ့ ခံစားချက်ကနေစရအောင်။ ဘာရယ်လို့မဟုတ်ဘူး လူတွေရဲ့မကောင်းတဲ့အကျင့်က အသေးအဖွဲလေးတွေကိုလည်း ပုံကြီးချဲ့တတ်တာပါ။ ဝမ်းနည်းစရာကိစ္စသေးသေးလေးကို အရမ်းတွေကြေကွဲဝမ်းနည်းမိရင် ငိုရလွန်းလို့ ရင်ဘတ်အောင့်မယ် ၊ ဝမ်းနည်းလွန်းလို့စားမဝင် အိပ်မပျော်ဖြစ်မယ်။ ပျော်စရာကိစ္စကြုံရင်လည်း အပျော်တွေအတောမသတ်နိုင်တော့ဘဲ အလုပ်မေ့အကိုင်မေ့ဖြစ်တာတွေ ကြုံဖူးကြမှာပဲ။

ချစ်တဲ့ခံစားချက်ဆိုလည်း အဲဒီလိုပဲ။ အချစ်ကြီးလွန်းရင် အရာရာကို လိုက်ပြီးစိုးရိမ်ပူပန်နေတာကြောင့် ချစ်သူအပေါ်ချုပ်ချယ်သလိုတွေ ဖြစ်တတ်တယ်။ ချစ်လွန်းလို့သဝန်တိုပြီး ရန်မဖြစ်သင့်ဘဲရန်ဖြစ်ကြတယ်။ ချစ်လွန်းလို့မျက်စိအောက်က အပျောက်မခံဘူးတွေဘာတွေလုပ်လို့ ကိုယ့်ဒဏ်ကိုမခံနိုင်ဘဲ ရည်းစားပစ်သွားတာခံရတယ်။ ဒီတော့ဘယ်ခံစားချက်မဆို အရမ်းကြီးခံစားလွန်းရင် ဆိုးကျိုးပဲဖြစ်စေတယ်။ ဒါကြောင့် လူတွေက စိတ်ရဲ့ကျေးကျွန်ဖြစ်သွားကြတာများတယ်။ စိတ်ကိုမထိန်းနိုင်လေ စိတ်ကပိုပြီးအနိုင်ယူလေပဲ။

ဒီတော့ စိတ်ရဲ့ထိန်းချုပ်မှုကို မခံရအောင် ကိုယ့်ရဲ့စိတ်ခံစားချက်ကိုထိန်းချုပ်ဖို့ လုပ်နိုင်တာက ကိုယ့်စိတ်ကို ကိုယ်သိအောင်လုပ်ပြီး အချိန်မီထိန်းချုပ်လိုက်တာပါပဲ။ ကိုယ်ရဲ့စိတ်ကိုယ်ထိန်းချုပ်ပြီး လိုသလိုစေခိုင်းနိုင်ရင် ကိုယ့်ရဲ့ EQ လည်းမြင့်တာကြောင့် ထိန်းချုပ်တာကအကျိုးအမြတ်တစ်ခုလို့လည်းပြောလို့ရတာပဲလေ။ ဒါကြောင့် စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားကြရအောင်။

Piki (Akhayar)