အင်္ဂလိပ်စာကို ဝါသနာပါတာနဲ့ တွဲဖက်လေ့လာတာ ဘာလို့သက်ရောက်မှုပိုရှိတာလဲ

အင်္ဂလိပ်စာကို ဝါသနာပါတာနဲ့ တွဲဖက်လေ့လာတာ ဘာလို့သက်ရောက်မှုပိုရှိတာလဲ

အင်္ဂလိပ်စာက တကမ္ဘာလုံးမှာအသုံးအများဆုံးဘာသာစကားပါပဲ။ ဒါကြောင့်လူတိုင်းလိုလို အင်္ဂလိပ်စကားကို ပြောတတ်ချင်တယ်လေ။ အင်္ဂလိပ်စာသင်တဲ့သင်တန်းတွေလည်း ဒီနောက်ပိုင်းမှာအများကြီးဖွင့်လာကြတော့ လူငယ်တွေလည်း ကောင်းနိုးရာရာကို ရွေးပြီးတော့ သင်ယူနေကြတာကို တွေ့နေရပါတယ်။ ဒါပေမယ့် သင်တန်းတက်တဲ့သူတိုင်းလိုလို ကြုံရတာတစ်ခုက တက်နေတုန်းမှာသာ သတိရပြီး သင်တန်းပြီးရင် မေ့သွားတဲ့ အသုံးအနှုန်းတွေ ၊ စကားပြောတွေရှိနေတာကိုပေါ့။ စာအုပ်တွေနဲ့နေ့တိုင်းလေ့လာတာက မကောင်းဘူလို့ပြောချင်တာ မဟုတ်ပါဘူး။ ဒါပေမယ့်ဘယ်ဘာသာစကားမဆို လက်တွေ့ပြန်ပြီးအသုံးမချနိုင်ဘူးဆိုရင် ကြာလာရင်မေ့သွားမှာပါပဲ။

ဒီတော့ ကိုယ်လေ့လာနေတဲ့ အင်္ဂလိပ်စာကို လွယ်လွယ်နဲ့မမေ့အောင်လို့ နေ့တိုင်းလုပ်နေကြအရာတွေနဲ့တွဲပြီးလေ့လာရင်မကောင်းဘူးလား။ ပြောရရင်ကိုယ်ဝါသနာပါတာဆိုတာက နေ့တိုင်းလိုလိုလုပ်ဖြစ်နေတဲ့အရာလေ။ ကိုယ်ကပန်းချီသင်တန်းတက်နေတယ်လို့ပဲ ထားလိုက်ပါတော့။ ပန်းချီဆွဲတဲ့အခါမှာ သုံးတဲ့ပစ္စည်းတွေ ၊ ပန်းချီနဲ့ပတ်သက်တဲ့ အခေါ်အဝေါ်တွေကို အင်္ဂလိပ်လိုလေးတွေ ပြောင်းပြီးပြောကြည့်ပါ။ နေ့တိုင်းလိုလို ပြောဖန်များလာရင် တော်ရုံနဲ့မမေ့တော့ပါဘူး။

ဂီတာတီးတာဆိုရင် အင်္ဂလိပ်စာကိုတွဲပြီးလေ့လာလို့ အရမ်းကိုကောင်းပါတယ်။ ဂီတာတီးတဲ့အခါမျိုးမှာ အင်္ဂလိပ်သီချင်းတွေကို ရွေးပြီးတီးတာက ဝေါဟာရနဲ့အသုံးအနှုန်းတွေအများကြီး လေ့လာလို့ကောင်းတဲ့အခွင့်အရေးပေါ့။ ပြီးရင် သီချင်းတွေနားထောင်ရင်လည်း အင်္ဂလိပ်သီချင်းတွေကိုနားထောင်တာက စကားလုံးတွေကို နားယဉ်စေတာကြောင့် ကိုယ့်ရဲ့မသိစိတ်ကနေ မှတ်မိနေတတ်တယ်။ ရုပ်ရှင်ကြည့်ရတာကို အရမ်းနှစ်သက်တယ်ဆိုရင်လည်း အင်္ဂလိပ်ကားတွေကို အကျင့်လုပ်ပြီးများများကြည့်ပေးပေါ့။ အင်္ဂလိပ်စာတန်းထိုးတာတွေလည်းရှိတော့ မကြားလိုက်ရင်တောင် ဘာပြောလဲဆိုတာကိုသိနိုင်တယ်လေ။ ဂီတာတီးပြီးသီချင်းဆိုရင် အင်္ဂလိပ်လိုဆိုတော့ပြန်ပြီး အသုံးချသလိုဖြစ်တယ်။ သီချင်းနားထောင်ရင်လည်း ပါးစပ်ကနေညည်းတတ်တာကြောင့် အင်္ဂလိပ်သီချင်းနားထောင်ရင် အင်္ဂလိပ်လိုလေးညည်းဖြစ်မယ်။ လက်တွေ့ပြန်ပြီး အသုံးချနိုင်မယ်ဆိုရင် ပိုပြီးတော့ကျွမ်းကျင်လာမှာပါ။

ဒီတော့အင်္ဂလိပ်စာကိုတွဲပြီးလေ့လာရင် အကျိုးရှိနိုင်မယ့် ဝါသနာတွေကို ပြောရမယ်ဆိုရင် – သီချင်းဆိုတာ ၊ ဂီတာတီးတာ ၊ ရုပ်ရှင်ကြည့်တာ ၊ နောက်ပြီး စာဖတ်တာ ၊ ကာတွန်းဆွဲတာ (ဇာတ်ကောင်တွေပြောတဲ့စကားကို အင်္ဂလိပ်လိုရေးရင်း တိုးတက်အောင်လုပ်နိုင်တယ်) ၊ စကားပြောတာ (ကိုယ်ကစကားများလွန်းတဲ့သူဆို ဗိုလ်လိုသာပိတ်မှုတ်ပစ် ၊ မရှက်နဲ့) ၊ ဟင်းချက်တာ ( Recipe တွေကို အင်္ဂလိပ်လို YouTube မှာရှာရင်း အင်္ဂလိပ် ဝေါဟာရတွေတိုးအောင်လုပ်လို့ရပါတယ်) စသဖြင့်ပေါ့။ တကယ်ကဝါသနာတိုင်းကို အင်္ဂလိပ်စာနဲ့တွဲပြီး လေ့လာလို့ဖြစ်နိုင်ပါတယ်။

အဓိကပြောချင်တာက ဘယ်ဟာကိုမဆို သင်ယူတဲ့အခါမှာ စိတ်ဝင်စားမှသာ ပိုပြီးမှတ်မိတာကိုး။ ဒါကြောင့် အင်္ဂလိပ်စာလေ့လာတဲ့အခါမှာလည်း ကိုယ်စိတ်ဝင်စားတဲ့အရာနဲ့တွဲပြီး လေ့လာတာက ပိုပြီးတော့မှတ်မိလွယ်ပြီး အတတ်လွယ်မှာမို့လို့ပါ။ ကိုယ်ဝါသနာပါတာကိုတော့ စိတ်မဝင်စားဘူးဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။ ဟုတ်တယ်မလား။ ဒါကြောင့်သင်တန်းလည်းမတတ်နဲ့မဟုတ်ဘူးတတ်ပါ။ ဒါပေမယ့် သင်တန်းလည်းတက်ရင်း ဝါသနာပါတာလေးတွေနဲ့လည်း တွဲပြီးလေ့လာရင် ပိုပြီးတော့ သက်ရောက်မှုရှိမယ်လို့ ထင်မိပါတယ်။

Photo Credit: Pinterest

Piki(Akhayar)