လေယာဉ်တချို့ရဲ့ ပြတင်းပေါက်မှာ အပေါက်သေးသေးလေး ဘာကြောင့်ပါရတာလဲ

လေယာဉ်တချို့ရဲ့ ပြတင်းပေါက်မှာ အပေါက်သေးသေးလေး ဘာကြောင့်ပါရတာလဲ

ဘယ်နေရာသွားသွား ဘာလေးတွေ့တွေ့ စပ်စုလိုက်ရမှ ကျေနပ်တဲ့ စပ်စုစိန်လေးတွေ ရှိကြတယ်မှတ်လား။ စာရေးသူကတော့ ရောက်တဲ့နေရာတိုင်းမှာ ဗဟုသုတတိုးအောင်ရော၊ သိချင်တာတွေများတာကြောင့်ရော ဘာလေးပဲဖြစ်ဖြစ် စပ်စုမိပါတယ်။ ဟိုတစ်လောကလည်း လေယာဉ်စီးတော့ လေယာဉ်ပြတင်းပေါက်ကို ကြည့်မိတဲ့အခါ ပြတင်းပေါက်မှာ အပေါက်သေးသေးလေးတစ်ခုကို တွေ့မိပါတယ်။ အဲဒါနဲ့ အဲဒီအပေါက်သေးသေးလေးဟာ ဘာလို့ပါတာလဲဆိုပြီး သိချင်စိတ်ကြောင့် လမ်းတလျှောက်လုံးမှာ စိတ်ကသိကအောင့် ဖြစ်လာခဲ့ပါတယ်။

သိချင်စိတ်ကြောင့် စိတ်ထဲမှာ ဆက်ပြီး တွေးကြည့်တဲ့အခါ လေယာဉ်ပျံမှာ အပေါက်ပါရခြင်းဟာ လေယာဉ်ပျံဟာ ပျံသန်းတဲ့အခါ အလွန်မြင့်မားတဲ့ အမြင့်ပေအထိရောက်အောင် ပျံသန်းရတဲ့အတွက် အလုံပိတ်ကြီးထဲမှာ ထိုင်နေရတဲ့ ခရီးသည်တွေ လေဖိအားမမျှတမှုကြောင့် အသက်ရှုမရတာမျိုး မဖြစ်စေဖို့အတွက် ထည့်သွင်းပေးထားတာလားဆိုပြီး ပေါက်ပေါက်ရှာရှာ စဉ်းစားမိပါသေးတယ်။

အဲဒီလိုပေါက်ပေါက်ရှာရှာ စဉ်းစားမိရာကနေ ဘာကြောင့် အပေါက်ပါရတာလဲဆိုပြီး ရှာဖွေကြည့်လိုက်တဲ့အခါ ဒီအပေါက်လေးဟာ အရေးကြီးမှန်း သိလာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအပေါက်လေးဟာ ခရီးသည်တွေလုံခြုံဖို့အတွက် အဓိက လုပ်ဆောင်ပေးနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

လေယာဉ်ဟာ ပင်လယ်ရေမျက်နှာပြင်အထက်ကို ပျံသန်းတဲ့အခါမှာ လေဖိအားဟာ ကျဆင်းသွားပါတယ်။ လေယာဉ်အတွင်းပိုင်းထဲရှိ လေထုဖိအားတွေကိုတော့ ကမ္ဘာ့လေထုဖိအားနဲ့ တူညီအောင်လုပ်ပေးထားတဲ့အတွက် ခရီးသည်တွေဟာ အသက်ကို အလွယ်တကူ ရှုရှိုက်လို့ရနေတာ ဖြစ်ပါတယ်။ ဒါပေမယ် အဲဒီလို တူညီအောင်ဖန်တီးပေးထားတဲ့အတွက်ကြောင့် လိုက်ပါစီးနင်းသူ ခရီးသည်တွေရဲ့ခန္ဓာကိုယ်ဟာ ဘာမှပြောင်းလဲမှု မဖြစ်တော့တာမျိုးတော့ မဟုတ်ပါဘူူး။ ဥပမာအနေနဲ့ဆို အရမ်းအေးတဲ့နေရာကို လေယာဉ်ပျံသန်းတဲ့အခါ ထိလွယ်ရှလွယ်တဲ့ ခရီးသည်တွေအနေနဲ့ အားနည်းသွားပြီး သတိလစ်မေ့မျောသွားတာမျိုး ဖြစ်တတ်ပါတယ်။

ဒါ့အပြင် လေယာဉ်အတွင်းပိုင်းထဲက လေထုဖိအားနဲ့ လေယာဉ်ပြင်ပက ဖိအားတွေကွာခြားမှုဟာ လေယာဉ်ကိုယ်ထည်ပေါ်ကို ကြီးမားတဲ့ သက်ရောက်မှု ဖြစ်စေပါတယ်။ ဒါ့ကြောင့်မို့ ပြတင်းပေါက်ရဲ့ကြားက ဝင်လာတဲ့ လေဖိအားနဲ့ လေယာဉ်အတွင်းထဲက လေဖိအားတွေ မျှတနေစေဖို့အတွက် သေးငယ်တဲ့ ဒီအပေါက်သေးသေးလေးကို ထားဖို့ ခွင့်ပြုထားတာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်က ဝန်ထမ်းတွေကတော့ ဒီအပေါက်သေးသေးလေးကို ” Tiny Bleed Hole” လို့ ခေါ်ကြပါတယ်။

ဒီအပေါက်လေးပါရတဲ့ နောက်ထပ်အကြောင်းပြချက်ကတော့ လေယာဉ်ပြတင်းပေါက်ကို အငွေ့ရိုက်ခြင်း မဖြစ်အောင်လို့ ကာကွယ်ဖို့အတွက်ပါ။ ဒါ့အပြင် လေယာဉ်အတွင်းပိုင်းအကြားနဲ့ လေယာဉ်အပြင်ဘက် အပူချိန်ကွာခြားမှုကလည်း ကြီးမားတဲ့အတွက် ဒီလိုအပေါက်သေးသေးလေးသာ မပါရှိခဲ့ရင် အစိုဓာတ်တွေဟာ အပြင်ကိုမထွက်နိုင်ဘဲ အတွင်းထဲမှာပဲ စုနေကာ အပြင်ဘက်က လှပတဲ့ကမ္ဘာ့ကြီးရဲ့ မြင်ကွင်းလှလှလေးတွေကို မြင်ရမှာ မဟုတ်ပါဘူး။

စာရေးသူလို ရောက်တဲ့နေရာတိုင်းမှာ စပ်စုတတ်တဲ့သူတွေလည်း ဒီအကြောင်းလေးကို ဗဟုသုတအနေနဲ့ သိရလို့ ကျေနပ်ကြမယ်လို့ ထင်ပါတယ်။ ပရိသတ်ကြီးရော ဘယ်လိုနေရာတွေရောက်ရင် ဘာတွေကို စပ်စုကြည့်ပြီး ဗဟုသုတတွေ ရှာဖွေကြလဲဆိုတော့ အပျော်အနေနဲ့ မန့်ခဲ့ပြီး ဗဟုသုတတွေ ဖြန့်ဝေပေးလိုက်ကြပါဦးနော်။

H.H(Akhayar)