နွေခေါင်ခေါင်မှာ ရေခဲရေမသောက်စေချင်တဲ့ အကြောင်းပြချက်တွေ

နွေခေါင်ခေါင်မှာ ရေခဲရေမသောက်စေချင်တဲ့ အကြောင်းပြချက်တွေ

မြန်မာနိုင်ငံက အပူပိုင်းဒေသနိုင်ငံဖြစ်တော့ နွေဆိုရင် ပူမြဲပဲဆိုတာကို သိပါတယ်။ အထူးသဖြင့် ဒီနောက်ပိုင်း ရာသီဥတုဖောက်ပြန်တာတွေကြောင့် ပိုပြီးတော့ပူပြင်းလာတယ်။ ဒီတော့ ပူလွန်းတာကြောင့် ရေခဲရေတွေကို အပူသက်သာရာ သက်သာကြောင်း သောက်ကြတော့တာပေါ့။ ပြောရင်အလွန်ဖြစ်ရင်ဖြစ်မယ်ဆိုပေမယ့် စာရေးသူကတော့ ရေခဲရေသောက်တာကို လုံးဝအားမပေးပါဘူး။ နွေတင်မဟုတ်ဘူး ၊ ရာသီတိုင်းလိုလိုပါပဲ။ ဒါပေမယ့်အခုဒီဆောင်းပါးကိုရေးရတဲ့ အကြောင်းအရင်းက ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကပါ ရေခဲရေကို အငမ်းမရသောက်နေကြလို့ပါ။

ရေခဲရေသောက်တာက ဆိုးကျိုးတွေရှိတယ်ဆိုတာ ပရိသတ်ကြီးတို့လည်း သိကြမှာပါနော်။ ဒါပေမယ့် ဆိုးကျိုးတိုင်းကိုတော့ သိချင်မှသိဦးမယ်။ နေအရမ်းပူတဲ့နေ့တစ်နေ့မှာရေခဲရေသောက်မိမယ်ဆိုရင်

ကိုယ့်ရဲ့အစာအိမ်ကို ဒုက္ခပေးသလိုဖြစ်မယ်
ရေခဲရေသောက်တာနဲ့ ဗိုက်နဲ့ဘာမှမဆိုင်ဘူးလို့ ထင်ထားကြတယ်မလား။ စာရေးသူလည်း အဲဒီလိုပဲထင်ခဲ့တာလေ။ ဒါပေမယ့် ရေခဲရေနဲ့အချိုရေအေးတွေသောက်တာက ကိုယ်ရဲ့သွေးကြောတွေကို ကျဉ်းစေတာကြောင့် အစာခြေခြင်းကိုလည်း ကန့်သတ်သွားစေတယ်။ ဒါ့အပြင် အစာခြေနေချိန်မှာ အာဟာရစုပ်ယူတဲ့ဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်စေတယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်က သွေးလည်ပတ်မှုကို မှန်အောင်လုပ်ပေးရတာကြောင့် အစာခြေစနစ်ကို အာရုံမစိုက်နိုင်ဘူး။ အဲဒီလိုသွေးလည်ပတ်နှုန်းမှန်အောင် လုပ်ပေးရချိန်မှာ ရေဓာတ်လည်းအရမ်းဆုံးရှုံးတယ်။ ကိုယ်ရဲ့သာမန်အပူချိန်က ၃၇ ဒီဂရီ စင်တီဂရိတ်ရှိတယ်။ ကိုယ်ကအရမ်းအေးတဲ့အရာတစ်ခုခုကို စားမိရင် သာမန်အပူချိန်ကိုပြန်ရောက်အောင် ခန္ဓာကိုယ်က ပြန်ထိန်းပေးရတယ်။ ဒီလိုသာမန်အပူချိန်ကိုပြန်ရောက်ဖို့ သုံးရတဲ့အားက အမှန်မှာဆိုရင် အစာခြေဖို့အတွက်သုံးရတဲ့အားဖြစ်တယ်။ ဒီအကြောင်းပြချက်ကြောင့်ရေခဲနေသောက်ရင် ဗိုက်အောင့်တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရေကိုအခန်းအပူချိန်အတိုင်းသောက်ဖို့ ကျွမ်းကျင်တဲ့ပညာရှင်တွေက တိုက်တွန်းကြတာဖြစ်ပါတယ်။

လည်ချောင်းနာမယ်
ဒါကတော့အရမ်းကို သိသာလွန်းတဲ့ အချက်ပါပဲ။ ငယ်ငယ်ထဲကလည်း လူကြီးတွေက ရေခဲရင်သောက်ရင် လည်ချောင်းနာမှာစိုးလို့ ရေခဲရေမသောက်ဖို့ တားကြတယ်လေ။ စာရေးသူငယ်ငယ်ကဆိုရင် နွေမှာပူတာအပြင် ကလေးဆိုတော့ အပြင်ထွက်ကစားလွန်းတယ်။ အဲဒီမှာရေခဲရေကို အားရပါးရသောက်တာပေါ့။ နောက်လည်းကျတော့ အသောက်လွန်ပြီး အာသီးပါရောင်သွားရောလေ။ ဆေးဆိုတာ သောက်လိုက်ရတာ အလုံးအကြီးကြီးတွေပဲ။ ဒါကြောင့်ဖြစ်နိုင်ရင် ဘယ်လောက်ပူပူ အောင့်အီးပြီး ရိုးရိုးရေပဲသောက်စေချင်တယ်။ ရေခဲရေမသောက်ရတာထက် လည်ချောင်းနာနေပြီး စားမဝင်သောက်မဝင်တာက ပိုဆိုးတယ်လေ။

အဆီတွေကို မချေဖျက်ပေးနိုင်ဘူး
ပညာရှင်တွေရဲ့ပြောကြားချက်အရတော့ ထမင်းစားပြီးပြီးချင်း ရေခဲရေသောက်လိုက်ရင် မလိုအပ်တဲ့အဆီတွေကို မချေဖျက်နိုင်တော့ပါဘူးတဲ့။ ဘာလို့လဲဆိုတော့ ကိုယ်သောက်လိုက်တဲ့ရေခဲရေရဲ့ အေးတဲ့အပူချိန်က စားပြီးသားအစာတွေထဲက အဆီတွေကို ခဲသွားစေလို့ပဲဖြစ်တယ်တဲ့။ နွေဆိုတဲ့အတိုင်း လူတွေကရေခဲရေကို တစ်နေ့လုံးသောက်တာဆိုတော့ ဒီအချက်ကိုလည်း ချန်ခဲ့လို့မရဘူးလေနော်။ ရေခဲရေမပြောနဲ့ ရိုးရိုးရေကိုတောင် ထမင်းစားပြီးပြီးချင်း သောက်လို့ရတာမဟုတ်ဘူးလေ။

နှလုံးခုန်နှုန်းနှေးသွားစေတယ်
ရေခဲရေသောက်ရင် နှလုံးခုန်နှုန်းနှေးသွားစေတယ်ဆိုတဲ့အချက်က အံ့သြဖို့ကောင်းရင်ကောင်းနေမယ်။ ဒါပေမယ့် လေ့လာချက်အချို့အရတော့ ရေခဲရေက Vagus Nerve ဆိုတဲ့အာရုံကြောကို လှုံဆော်ပေးတယ်။ ဒီအာရုံကြောက ခန္ဓာကိုယ်ရဲ့အလိုအလျောက်အလုပ်လုပ်တဲ့ အာရုံကြောစနစ်ပဲဖြစ်တယ်။ သူ့ရဲ့အဓိကလုပ်ဆောင်ချက်ကတော့ ခန္ဓာကိုယ်မှာ မလိုအပ်ပဲဖြစ်လာတဲ့ အရာတွေကို ထိန်းချုပ်ဖို့ပဲဖြစ်တယ်။ သူကနှလုံးခုန်နှုန်းနှေးသွားအောင်ဆောင်ရွက်ပေးတဲ့ အာရုံကြောပဲဖြစ်တယ်။ ရေခဲရေရဲ့ နိမ့်လွန်းတဲ့အပူချိန်က ဒီအာရုံကြောကို သွားပြီးလှုံ့ဆော်ပေးနိုင်တာကြောင့် ရေခဲရေသောက်ရင် နှလုံးခုန်နှုန်းနှေးသွားတာဖြစ်တယ်။ နှလုံးခုန်နှုန်းနှေးလွန်းရင် Bradycardia တွေဖြစ်ပြီး မေ့လဲတာတွေဘာတွေဖြစ်တတ်တယ်။

ဒီအချက်တွေပြောနေလို့လည်း ရေခဲရေကို လုံးဝမသောက်တော့နဲ့လို့ ပြောနေတာမဟုတ်ပါဘူး။ နေအရမ်းပူပြီး ရာသီဥတုပူလောင်လွန်းတဲ့နေ့တွေမှာတော့ တတ်နိုင်ရင် မသောက်ပါနဲ့လို့ပဲ ပြောချင်တာပါ။ ကျန်းမာရေးကောင်းမှ လောကကြီးကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်မှာလေနော်။ ဒါကြောင့်ဒီနွေတော့ ရေခဲရေ မသောက်တဲ့ Challenge လေးလုပ်ကြရအောင်နော်။

Piki (Akhayar)