လူငယ်တွေအနေနဲ့ သက်ကြီးရွယ်အိုတွေကို စကားများများပြောပေးဖို့လိုတယ်

လူငယ်တွေအနေနဲ့ သက်ကြီးရွယ်အိုတွေကို စကားများများပြောပေးဖို့လိုတယ်

သဘာဝရဲ့နိယာမလို့ပဲပြောရမလား မသိဘူး ၊ လူငယ်တွေက လူကြီးတွေနဲ့သိပ်ပြီး စကားမပြောချင်တာတော့ မျိုးဆက်တိုင်းမှာရှိကြတယ်။ ဘာလို့လဲဆိုတော့ လူငယ်တွေက သူတို့ဘာသာသူတို့ သူငယ်ချင်းတွေနဲ့လျှောက်သွားပျော်ပါးပြီးနေချင်တယ် ၊ အဖိုးတွေ အဖွားတွေ ပွစိပွစိပြောတာကို နားထောင်ရတာ နားငြီးတယ်လို့ ခံစားရလို့ဖြစ်တယ်။ ဒါပေမယ့်လူငယ်တွေဒီလိုလုပ်တာအရမ်းကိုမှားနေတယ်လို့ ပြောချင်တယ်။ သင်ကလူကြီးတွေနဲ့စကားပြောရမှာပျင်းတဲ့လူငယ်တစ်ယောက်ဆိုရင်ဒီစာလေးကိုဖတ်ဖို့လိုနေပြီ။

စိတ်ရှည်သည်းခံခြင်းကို သင်ယူဖို့


လူကြီးတွေကလူငယ်တွေထက်နှေးကြတယ်။ ဒါကအမြဲဒီလိုပဲ။ သူတို့ကသွားလည်းနှေးတယ် ၊ စားလည်းနှေးတယ် ၊ စကားပြောရင်လည်းနှေးတယ်။ ဒီတော့လူငယ်တွေက သူတို့နဲ့ပြောဆိုဆက်ဆံရမှာ အရမ်းတွန့်ဆုတ်ကြတယ်။ ဒါပေမယ့်တကယ်ကလူကြီးတွေနဲ့စကားပြောဖို့လိုတယ်။ လူငယ်တွေဖြစ်တဲ့ကျွန်မတို့တွေ မအားကြဘူး ၊ ဟုတ်တယ်။ ကျောင်းသွားရတယ် ၊ အလုပ်လုပ်ရတယ်။ ဒီတော့သူတို့ကနှေးနှေးနှေးနှေးနဲ့ပြောသမျှကိုသွားနားထောင်ပြီး ကိုယ်ကပါသူတို့နဲ့ပြန်ပြီး အချိန်မရှိတဲ့ကြားထဲက စကားပြောတာက ကိုယ့်ရဲ့စိတ်ရှည်သည်းခံနိုင်စွမ်းကို အဆမတန်မြှင့်တင်ပေးမယ်ဆိုတာ တွေးသာကြည့်လိုက်တော့။ တကယ်လို့ကိုယ်ကအရမ်းစိတ်မရှည်တတ်လို့ ဘဝမှာမကြာခဏဒုက္ခရောက်နေမယ်ဆိုရင် သက်ကြီးရွယ်အိုတွေနဲ့စကားပြောပြီး ကိုယ့်ရဲ့စိတ်ရှည်သည်းခံနိုင်စွမ်းကို မွေးမြူလို့ရပါတယ်။

သူတို့ဇာတ်ကြောင်းတွေကိုနားထောင်ဖို့


ကျွန်မတို့ခေတ်မှာသာ နည်းပညာတွေအရမ်းတိုးတက်လာလို့ ဘဝကိုအရမ်းစိတ်လှုပ်ရှားစရာကောင်းကောင်းနဲ့ မဖြတ်သန်းကြရတော့တာ ၊ အိမ်တွင်းအောင်းပြီး ဖုန်းတွေကလိရင်း ကြီးပြင်းလာကြတာ။ သူတို့ခေတ်မှာတော့ ဖုန်းတွေလည်းမရှိ ၊ အင်တာနက်လည်းမရှိ ၊ သူတို့ကအရာရာကို စူးစမ်းပြီးနေခဲ့ကြတာ။ စွန့်စားခဲ့ကြတဲ့သူတွေ။ သူတို့နေခဲ့တဲ့အချိန်တွေက အရမ်းကိုစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတွေနဲ့ဖြစ်နေတာ။ ဒါတွေကို သူတု့ိနဲ့စကားသွားပြောမှ ကြားရမှာ။ သမိုင်းကြောင်းကိုသမိုင်းစာအုပ်ထဲက ဖတ်တာထက် တကယ်ကြုံတွေ့ခဲ့ရတဲ့သူတွေဆီကနေပြန်ကြားရတာကမှ တကယ်အရသာရှိတာပါ။ ဒီတော့လူကြီးတွေရဲ့ဇာတ်ကြောင်းကို နားထောင်ချင်ရင် သူတို့နဲ့စကားပြောသင့်တယ်။ အတိတ်ကရင်ခုန်စရာ အငွေ့အသက်တွေကိုပြန်မခံစားချင်တဲ့သူဆိုတာမရှိပါဘူး။

နောင်တတွေမရရအောင်


လူတော်တော်များများအတွက် အုတ်ဂူဘေးရပ်ပြီး ကိုယ့်ရဲ့အဖေ ၊ အမေ ၊ အဖိုး ၊ အဖွားတွေကို အသက်ရှိတုန်းက အချိန်မပေးခဲ့ဘဲ သူတို့မရှိတော့မှ သတိရလို့ ဝမ်းနည်းရမယ့်တစ်နေ့ဆိုတာရှိလာမှာ။ အဲဒီနေ့မှာမှ နောင်တတွေရပြီး အချိန်တွေလည်းနောက်ပြန်ရစ်လို့မရလို့ ဝမ်းနည်းပက်လက်မဖြစ်ရလေအောင် အခုချိန်တည်းကသူတို့နဲ့အတူတူအချိန်တွေကို ရရင်ရသလိုကုန်ဆုံးလိုက်ပါ။ သူတို့နဲ့စကားတွေပြောပြီး သူတို့ရှိနေတဲ့အချိန်လေးကိုတန်ဖိုးထားပါ။ နောင်တပါတဲ့ဘဝက ရှင်သန်နေထိုင်ဖို့ မသင့်တော်လို့လေ။

သူတို့စိတ်တွေပေါ့ပါးဖျတ်လတ်နေဖို့ပါ


အသက်ကြီးတဲ့သူတွေက သူတို့နဲ့သက်တူရွယ်တူတွေနဲ့ပဲ နေရပြီးတော့ သူတို့ဆီကိုလာလည်တဲ့သူတွေ မရှိတော့တဲ့အခါ စိတ်ပိုင်းဆိုင်ရာ လေးလံသွားတယ်။ တစ်နည်းပြောရရင် စိတ်ပိုင်းဆိုင်ရာ အလုပ်မလုပ်တော့ဘူးပေါ့။ ပုံမှန်လည်ပတ်ခြင်းနဲ့ စကားပြောခြင်းက သူတို့ရဲ့စိတ်ထဲမှာ အကြောင်းအရာတွေကို မှတ်မိစေတယ် ၊ ဆန်းစစ်စေတယ် ၊ ဒီလိုလုပ်တာက သူတို့ကို သတိရှိနေစေပြီး တက်တက်ကြွကြွ ရှင်သန်ခွင့်ပေးတယ်။ ပြောချင်တာက တကယ်လို့သူတို့နဲ့စကားပြောရင် သူတို့စိတ်ကအလုပ်လုပ်ရမယ် ၊ စိတ်ကိုအလုပ်ပေးရင် သူတို့ကြာကြာပိုနေရမယ် ၊ ကြာကြာပိုနေရတော့အသက်ပိုရှည်တယ်။ ကိုယ်လည်းသူတို့နဲ့အကြာကြီးပျော်ပျော်နေရတာပေါ့။

သူတို့ရဲ့ဉာဏ်ပညာနဲ့အတွေ့အကြုံတွေကနေသင်ယူဖို့


အခြေခံကျတဲ့အမှန်တရားတွေထဲမှာပါတာက ကိုယ့်ထက်အကြီးတွေက ကိုယ့်ထက်ပိုသိတယ်ဆိုတာပါ။ သူတို့တွေကကိုယ့်ထက်အရင်မွေးခဲ့တဲ့သူတွေဖြစ်တာကြောင့် ဘဝရဲ့အချိုးအကွေ့တွေ ဘဝရဲ့ထိုးနှက်မှုတွေကို ခံစားခဲ့ရပြီးပြီ။ ဒါတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းရမယ်ဆိုတာကိုလည်း သူတို့ကောင်းကောင်းသိတယ်။ ပြောရရင်သူတို့မှာ အတွေ့အကြုံတွေအများကြီးရှိတယ်။ ဒီအတွေ့အကြုံတွေက လူငယ်တွေအတွက်အများကြီးအသုံးဝင်တယ်။ ဒီတော့ကိုယ့်ဖက်ကနေယူတတ်ဖို့ပဲလိုတယ်။ ဒါကြောင့်လူကြီးတွေနဲ့စကားပြောစေချင်တာ။ သူတို့ဆီကသင်ယူနိုင်တာတွေ အများကြီးရှိလို့။

ကျွန်မအနေနဲ့အခရာပရိသတ်ကြီးကိုနောက်ဆုံးပြောချင်တာက သူတို့ပေါ်ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပြီး သူတို့ အထီးမကျန်အောင်စကားသွားပြောဖို့ ၊ သူတို့ရဲ့ခံစားချက်ကို နားလည်ပေးဖို့ပါ။ ဘာလို့လဲဆိုတော့ ကိုယ်ကလည်းထာဝရ နုပျိုနေမယ့်သူမဟုတ်လို့ဘဲ။ ကိုယ့်အလှည့်ကျရင်လည်း ကိုယ့်ကိုစကားလာပြောမယ့်သူလိုချင်လာမှမို့လို့ သူတို့ကိုစကားပြောပြီး ကိုယ်ချင်းစာပေးတတ်ဖို့ ပြောချင်ပါတယ်။

Piki (Akhayar)