LoL Worlds 2020 ပြိုင်ပွဲကို အောက်တိုဘာလ အတွင်း ကျင်းပနိုင်ဖို့ အတွက် ပြင်ဆင်နေကြောင်း ပြောကြားသွားခဲ့တဲ့ ရှန်ဟိုင်းအစိုးရ

LoL Worlds 2020 ပြိုင်ပွဲကို အောက်တိုဘာလ အတွင်း ကျင်းပနိုင်ဖို့ အတွက် ပြင်ဆင်နေကြောင်း ပြောကြားသွားခဲ့တဲ့ ရှန်ဟိုင်းအစိုးရ

2020 League of Legends World Championship ပြိုင်ပွဲကြီးကို လာမယ့် အောက်တိုဘာလ အတွင်း၊ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တော်မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် COVID-19 ကပ်ရောဂါကြောင့် Worlds 2020 ပြိုင်ပွဲ ကျင်းပနိုင်ခြင်း မရှိမှာကို LoL ပရိသတ်တွေ အနေနဲ့ စိုးရိမ် ပူပန်လျက် ရှိကြပါတယ်။

ဒါပေမယ့်လည်း တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တော် တာဝန်ရှိ အဖွဲ့အစည်းတွေကတော့ LoL Worlds 2020 ပြိုင်ပွဲကို အောက်တိုဘာလ အတွင်း ကျင်းပနိုင်ဖို့ ပြင်ဆင်လျက်ရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။ တရုတ်အစိုးရဘက်က ထုတ်ပြန် ကြေညာချက်များအရ Worlds 2020 ပြိုင်ပွဲ အပါအဝင် နိုင်ငံတွင်း ကျင်းပဖို့ အတွက် စီစဉ်ထားလျက်ရှိတဲ့ Esports ပြိုင်ပွဲများ အားလုံးကို ပြန်လည် ကျင်းပနိုင်ရေး အတွက် အစွမ်းကုန် ကြိုးပမ်းလျက် ရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း League of Legends ကို ထုတ်လုပ် ဖန်တီးခဲ့တဲ့ Riot ဘက်ကတော့ တရုတ်အစိုးရရဲ့ ထုတ်ပြန် ကြေညာချက်နဲ့ ပတ်သတ်ပြီး အတည်ပြုပေးခြင်း မရှိသေးပါဘူး။ လက်ရှိအချိန်မှာ LoL လောကရဲ့ ဒုတိယ အကြီးမားဆုံး နိုင်ငံတကာ အဆင့် ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Mid-Season Invitational 2020 ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ပြီ ဖြစ်သလို ဒေသတွင်း LoL ပြိုင်ပွဲများ အားလုံးကိုလည်း အွန်လိုင်းလိဂ် အဖြစ်သာ ပြောင်းလဲ ကျင်းပစေခဲ့ပါတယ်။

ဒါကြောင့် Esports လောကရဲ့ အကြီးမားဆုံး ပြိုင်ပွဲတွေ အထဲမှာ တစ်ခု အပါအဝင်လည်းဖြစ်၊ LoL ပရိသတ် အများစု မျှော်လင့် စောင့်ဆိုင်းလျက်ရှိတဲ့ ပြိုင်ပွဲတစ်ခုလည်းဖြစ်တဲ့ LoL Worlds 2020 ပြိုင်ပွဲကို မူလ အစီအစဉ် အတိုင်း ကျင်းပဖြစ်သွားမလား၊ ဒါမှမဟုတ် ရက်ရွေ့ဆိုင်းသွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports