အကောင်းဆုံး စွမ်းဆောင်ရည်နဲ့ CSGO စင်မြင့်ထက်ကို ပြန်လာမှာဖြစ်ကြောင်း Woxic ပြောကြား

Mousesports CSGO အသင်းရဲ့ အရံကစားသမား အဖြစ် သက်ဆင်း ပေးခဲ့ရတဲ့ တူရကီနိုင်ငံသား၊ Rifler ဖြစ်သူ Ozgur “Woxic” Eker ကတော့ လက်စွမ်းကောင်းတွေ ပြန်လည် ပြသနိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားသွားမှာဖြစ်ကြောင်း ကိုယ်ပိုင် တွစ်တာ အကောင့်ကနေ တစ်ဆင့် ကြေညာသွားခဲ့ပါတယ်။

ESL One Cologne 2020 မှာ Woxic အပါအဝင် Mousesports CSGO အသင်း အနေနဲ့ ဆိုးဝါးတဲ့ ရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရသလို Woxic အနေနဲ့လည်း အသက် ၁၇ နှစ်အရွယ် ရှိသေးတဲ့ Aurimas “Bymas” Pipiras နဲ့ အစားထိုးခံခဲ့ရပါတယ်။
အခုလို အတွေ့အကြုံနုနယ်တဲ့ Bymas နဲ့ အစားထိုးခံခဲ့ရခြင်းနဲ့ ပတ်သက်ပြီး Woxic ကတော့ အခုလိုပဲ ပြန်လည် ပြောကြား သွားခဲ့ပါတယ်။
I'm not on the active roster anymore, but I'll be back to the top.
— Özgür Eker (@w0xic) August 28, 2020
I want to show what I'm still capable of and I will. Thank you everyone for your support, I'll start to stream more, and I hope you'll be there!
“ကျွန်တော် အခုချိန်က စတင်ပြီး Mousesports ရဲ့ အရံကစားသမား ဘဝကို ဆင်းသက်ပေးခဲ့ရပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမြဲတမ်း ကစားသမား ဘဝကို ပြန်လည် တက်လှမ်းခွင့် ရရှိဖို့ အတွက် ပြန်လည် ကြိုးစားသွားမှာဖြစ်ပြီး စိတ်ဓာတ်ကျနေမှာ မဟုတ်ပါဘူး။ ကျွန်တော့် စွမ်းဆောင်ရည်ကို အကောင်းဆုံး ပြန်လည် ပြသနိုင်တဲ့ အထိ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေ အားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ လက်ရှိအချိန်မှာတော့ Streaming ပိုမို ပြုလုပ်သွားမှာဖြစ်ပြီး လာရောက် အားပေးကြမယ်လို့လည်း မျှော်လင့်ပါတယ်။”

Mousesports အနေနဲ့ ကိုဗစ်-၁၉ စတင် ပြန့်နှံ့မလာခင် အချိန်ထိ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့ပြီး ချန်ပီယံဆုတွေကို သိမ်းပိုက်နိုင်ခဲ့သလို HLTV ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာလည်း နံပါတ် (၁) နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်-၁၉ ကြောင့် အွန်လိုင်း ပြိုင်ပွဲများ အဖြစ် ပြောင်းလဲခဲ့ရတဲ့ အချိန်က စတင်ပြီး ရလဒ်ဆိုးများနဲ့သာ ရင်ဆိုင်ခဲ့ရကာ အခုလို ကစားသမား အပြောင်းအလဲ ပြုလုပ်ဖို့ အထိပါ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

CSGO ပရိသတ် အများစု အနေနဲ့ Woxic ကို အရံကစားသမား အဖြစ် သတ်မှတ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး Mousesports အပေါ် မေးခွန်းထုတ် ဝေဖန်မှုများ ပေါ်ပေါက်လျက် ရှိတာကြောင့် ကစားသမားသစ်ဖြစ်သူ Bymas နဲ့အတူ မကြာခင် ကျင်းပသွားမယ့် ESL Pro League Season 12: Europe ပြိုင်ပွဲမှာ ဘယ်အဆင့်ထိ တက်လှမ်းသွားနိုင်မလည်း ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: AfkGaming