Dota2 အသင်းကို ပြန်လည် ဖျက်သိမ်းလိုက်တဲ့ Chaos Esports

Quincy Crew Dota2 အဖွဲ့သားတွေ အတွက် 2019-2020 DPC ရာသီကတော့ ကံဆိုးမိုးမှောင်မှုတွေနဲ့သာ ပြည့်နှက်လို့ နေခဲ့ပါတယ်။ Quincy Crew Dota2 အသင်းကို YawaR, CCnC, Sumail, MSS, SVG စတဲ့ NA အခြေစိုက် နာမည်ကျော် ကစားသမား ငါးဦးနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပေမယ့်လည်း 2019-2020 DPC ရာသီရဲ့ ပထမဆုံး Major/ Minor လက်ရည်စစ်ပွဲ ပြီးဆုံးသွားချိန်မှာ Sumial တစ်ယောက် အသင်းကနေ ရုတ်တရက် နှုတ်ထွက်သွားခဲ့ပါတယ်။

Sumail နှုတ်ထွက်သွားပြီး နောက်ပိုင်းမှာ Quincy Crew အဖွဲ့သားတွေ အနေနဲ့ Chaos Esports အဖွဲ့အစည်းရဲ့ Dota2 အသင်းမှာ ဝင်ရောက် ကစားပေးဖို့ အတွက် ခေါ်ယူခြင်းကို ခံယူခဲ့ရပါတယ်။ လစ်လပ်သွားတဲ့ Sumail နေရာဖြစ်တဲ့ Carry Position မှာ အစ်ကိုဖြစ်သူ Yawar အနေနဲ့ ဝင်ရောက် ကစားခဲ့ပေမယ့်လည်း Offlane Position အတွက် အသင်း အတွက် သင့်တော်တဲ့ ကစားသမားကို အချိန်တစ်ခု ကြာမြင့်တဲ့ အထိ ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ပါဘူး။
ပြိုင်ပွဲအများစုမှာ Chaos Dota2 အသင်း အနေနဲ့ Offlane Position အတွက် Stand-In ကစားသမားကိုသာ အသုံးခဲ့ရသလို အောင်မြင်မှုတွေနဲ့လည်း ဝေးကွာခဲ့ရပါတယ်။ ဒါပေမယ့်လည်း ESL One LA Major လက်ရည်စစ်ပွဲ မတိုင်ခင် ကာလမှာတော့ အသင်းရဲ့ Pos4 ကစားသမားဖြစ်သူ MSS ကို Offlane နေရာမှာ ဝင်ရောက် ကစားဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ Pos4 ကစားသမား Biver ကို MSS နေရာမှာ အစားထိုး ကစားပေးဖို့ ခေါ်ယူခဲ့ပါတယ်။

Chaos Dota2 အသင်းရဲ့ ယခုတစ်ကြိမ် ကစားသမား အပြောင်းအလဲဟာ အသင်းအတွက် များစွာသော အကျိုးရလဒ်ကို ဖြစ်ပေါ်စေခဲ့ပြီး ESL One LA Major မြောက်အမေရိက လက်ရည်စစ်ပွဲမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့သလို LA Major ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကိုလည်း အလွယ်တကူပဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ESL One LA Major စတင်ဖို့ ရက်သတ္တပတ် အနည်းငယ်ခန့် အလိုမှာ COVID-19 ကမ္ဘာ့ကပ်ရောဂါ အန္တရာယ် ပေါ်ပေါက်လာခဲ့ပြီး ESL One LA Major အပါအဝင် Esports ပြိုင်ပွဲ အများစုကို ရပ်ဆိုင်းခဲ့ရပါတယ်။ အခုလို ကပ်ရောဂါကြောင့် ပြိုင်ပွဲအများစု ရပ်ဆိုင်းထားရတဲ့ အချိန်မှာ Chaos Esports အဖွဲ့အစည်းကတော့ Dota2 အသင်းကို ဖျက်သိမ်းဖို့ အတွက် ဆုံးဖြတ်ချက်ချလိုက်ပြီပဲ ဖြစ်ပါတယ်။
Today we unfortunately have to announce the release of our Dota 2 Roster.
— Chaos EC☣️ (@ChaosEC) March 25, 2020
If you are an organization or sponsor looking to work with the team please contact their manager, @KBBQDotA , directly via reachjackchen@gmail.com
Read More: https://t.co/XEcRsvMP54 pic.twitter.com/mCDADnvAXx
“ကျွန်တော်တို့တွေ ဒီဆုံးဖြတ်ချက်ကို အလွယ်တကူ ချမှတ်ခဲ့တ မဟုတ်ပါဘူး။ လက်ရှိအချိန်မှာ DPC ရာသီနဲ့ ပတ်သတ်ပြီး မရေရာ မသေချာမှုတွေ ရှိလာခဲ့ပြီ ဖြစ်တာကြောင့် Dota2 အသင်းကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ချက် ချခဲ့ရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့အစည်း အနေနဲ့ အသင်းသားတွေ၊ ဝန်ထမ်းတွေ အတွက် ရေရှည်အောင်မြင်မှုတွေကို ယူဆောင်ပေးသွားနိုင်မယ့် စီမံကိန်းတွေမှာပဲ ဆက်လက် အာရုံစိုက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

Chaos Esports အဖွဲ့အစည်း အနေနဲ့ Dota2 အသင်းကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာခြင်း မရှိသေးခင် နာရီပိုင်းခန့် အလိုမှာ Chaos Dota2 အဖွဲ့သားတွေ အနေနဲ့ မကြာခင် အချိန်အတွင်းမှာ ကျင်းပသွားမယ့် ESL One LA Online ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ကြောင်း အတည်ပြုပေးခဲ့တာကြောင့် Chaos Dota2 အသင်း ကိုယ်စားပြု မဟုတ်ဘဲ Quincy Crew ဆိုတဲ့ နာမည်နဲ့သာ အဆိုပါ ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားဖွယ် ရှိပါတယ်။
Chaos Esports Dota2 အသင်းရဲ့ ကစားသမားဟောင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Yawar – Pos1
- CCnC – Pos2
- MSS – Pos3
- Biver – Pos4
- SVG – Pos5
- KBBQ – Manager
REF: VpEsports