PMPL SEA Finals Season 1 မှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Yoodo Gank

PMPL SEA Finals Season 1 မှာ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ Yoodo Gank

အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး PUBG Mobile ပြိုင်ပွဲကြီးဖြစ်တဲ့ PMPL SEA Finals Season 1 ပြိုင်ပွဲကြီးကို ၂၀၂၀ ခုနှစ်၊ မေလ၊ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ အွန်လိုင်းကနေ တစ်ဆင့် အောင်မြင်စွာ ကျင်းပ သွားခဲ့ပါတယ်။

PMPL SEA Finals Season 1 ပြိုင်ပွဲမှာ SEA Fall 2019 ချန်ပီယံ RRQ Athena, PMPL Thailand ချန်ပီယံ Illuminate the Murder, PMPL Indonesia ချန်ပီယံ Bigetron RA, PMPL – MYSG ချန်ပီယံ Team Secret, PMPL Vietnam ချန်ပီယံ Box Gaming စတဲ့ အသင်းတွေ အပြင် SEA Wildcard ကနေ တစ်ဆင့် တက်လှမ်း လာခဲ့တဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု PUBG Mobile အသင်း Yangon Galacticos တို့ အပါအဝင် စုစုပေါင်း အသင်းပေါင်း (၁၆) သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

တကယ်လို့ PMPL SEA Finals Season 1 ပြိုင်ပွဲမှာ ထိပ်ဆုံး (၂) သင်း အဆင့်ထိ တက်လှမ်းနိုင်ခဲ့မယ်ဆိုရင် PUBG Mobile World League East ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ရရှိမှာ ဖြစ်တာကြောင့် ပြိုင်ပွဲဝင် အသင်းတွေ အနေနဲ့ အကြိတ်အနယ်ကို ယှဉ်ပြိုင်ခဲ့ကြပါတယ်။

PMPL SEA Finals Season 1 ပြိုင်ပွဲရဲ့ ပထမဆုံးနေ့ ပွဲဦးထွက် ပွဲစဉ်မှာတော့ မလေးရှားနိုင်ငံ အခြေစိုက် PUBG Mobile အသင်း Yoodo Gank အနေနဲ့ Chicken Dinner ကို ရယူနိုင်ခဲ့သလို ပွဲစဉ် တစ်လျှောက် ငါးပွဲအထိ Chicken Dinner ပိုင်ဆိုင်နိုင်ခဲ့ပြီး စုစုပေါင်း ရမှတ် (၂၈၄) မှတ်ကို ရရှိခဲ့တာကြောင့် ဒုတိယ နေရာ ရရှိခဲ့တဲ့ Bigetron RA (၁၈၇ မှတ်) ကို အမှတ် အပြတ်အသတ်ဖြင့် အသာယူကာ PMPL SEA Finals Season 1 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို ဆုကြေးငွေ ဒေါ်လာ ၃ သောင်းနဲ့ PUBG Mobile World League East ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒုတိယနေရာ ရရှိခဲ့တဲ့ Bigetron RA အနေနဲ့ ဆုကြေးငွေ ဒေါ်လာ ၂ သောင်းကို သိမ်းပိုက်နိုင်ခဲ့ပြီး တတိယ နေရာ ရရှိခဲ့တဲ့ King of Gamers Club အနေနဲ့ ဆုကြေးငွေ ဒေါ်လာ ၁ သောင်းခွဲ အပြင် Bigetron RA အနေနဲ့ World League East မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို ရရှိခဲ့ပြီး ဖြစ်တာကြောင့် တတိယနေရာသာ ရရှိခဲ့ပေမယ့် King of Gamers Club အနေနဲ့ World League East ကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကိုပါ ရယူနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ကိုယ်စားပြု PUBG Mobile အသင်း Yangon Galacticos အနေနဲ့ ပွဲစဉ် (၁၃) မှာ Chicken Dinner ရရှိခဲ့ပေမယ့်လည်း စုစုပေါင်း ရမှတ် (၁၁၇) မှတ်သာ ရရှိခဲ့တာကြောင့် အဆင့် (၁၀) နေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

REF: Liquipedia, PUBG_Mobile_Myanmar