လုပ်ငန်းခွင်မှာ ကြီးပွားတိုးတက်အောင်မြင်ဖို့ ဒီအချက်တွေကို မဖြစ်မနေ ထပ်ပေါင်းလေ့လာသင်ယူပါ

လုပ်ငန်းခွင်မှာ ကြီးပွားတိုးတက်အောင်မြင်ဖို့ ဒီအချက်တွေကို မဖြစ်မနေ ထပ်ပေါင်းလေ့လာသင်ယူပါ

ဝန်ထမ်းတွေဟာ ကျင်လည်လုပ်ကိုင်နေတဲ့ အလုပ်အကိုင်မှာ အောင်မြင်တိုးတက်ဖို့အတွက်ဆို အလုပ်တွေကိုပဲ ကြိုးစားလုပ်ကိုင်နေလို့ မရပါဘူး။ လုပ်ငန်းခွင်မှာ ပရော်ဖက်ရှင်နယ်ကျကျနဲ့ လုပ်ကိုင်နိုင်တဲ့သူ ဖြစ်ဖို့ဆို ကိုယ်လုပ်နေတဲ့ အလုပ်အကိုင်နဲ့ ပက်သက်တဲ့ လုပ်ငန်းခွင်Trend တွေကို သိထားသင့်သလို လေ့လာသင်ယူရမယ့် အရာတွေ၊ ဖြည့်တင်းရမယ့် အရာတွေကလည်း စဉ်ဆက်မပြတ် လေ့လာသင်ယူ ဖြည့်တင်းနေမှ ပိုမိုအောင်မြင်တိုးတက်တဲ့ လုပ်ငန်းခွင်ဘဝကို ရရှိပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လုပ်ငန်းခွင်မှာ အောင်မြင်တိုးတက်လိုသူတွေ ဖြည့်တင်းရမယ့် အရာတွေနဲ့ လေ့လာသင်ယူရမယ့် အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သင်ယူခြင်းမရပ်တန့်လိုက်ပါနဲ့
ဒီအချက်က မီလျံနာတွေ အမြဲလိုလို လက်ကိုင်ထားတဲ့ အခြေခံအချက်ပဲ ဖြစ်ပါတယ်။ လေ့လာတယ်ဆိုတဲ့နေရာမှာ သင်တန်းကြီးတက်ပြီး လေ့လာနေမှ မဟုတ်ပါဘူးနော်။ စာအုပ်စာပေဖတ်ရတာ ကြိုက်နှစ်သက်ရင် ကိုယ်လုပ်ငန်းခွင်နဲ့ ပက်သက်တဲ့ စာအုပ်တွေ၊မဂ္ဂဇင်းတွေ ဖတ်ပြီး လေ့လာကြည့်ပါ။ ဒါအပြင် ဒီခေတ်က ဆိုရှယ်မီဒီယာခေတ် ဖြစ်လာတာနဲ့အညီ ဆိုရှယ်မီဒီယာတွေကို သုံးသလိုမျိုး အလုပ်နဲ့ပက်သက်တဲ့ Video Clip လေးတွေ ကြည့်တာ၊ Online မှာ သင်တန်းတွေ အပ်နှံပြီး သင်ယူတာမျိုး လုပ်ခြင်းဖြင့် ကိုယ်ရဲ့ကျွမ်းကျင်မှုနယ်ပယ်တွေကို ချဲ့ထွင်လိုက်ပါ။ ဒီလိုသင်ယူလေ့လာနေခြင်းဟာ တစ်နေ့မှာ အောင်မြင်မှုရရှိဖို့အတွက်လို့ ပြောင်းလဲတွေးတောလိုက်ရင် စိတ်ဓာတ်ခွန်အားတွေလည်း ရရှိလာသလို၊ မတူညီတဲ့ အမြင်တွေနဲ့လည်း မြင်လာနိုင်ကာ အလုပ်မှာ ကိုယ်ယူထားတဲ့ တာဝန်တွေထက်ကို ပိုလုပ်လာနိုင်တာကို တွေ့ရပါလိမ့်မယ်။

(၂) ကွန်ရက်တွေ ကျယ်ပြန့်အောင်ကြိုးစားပါ
ပရော်ဖယ်ရှင်နယ်ကျသူတွေတိုင်းဟာ အချိတ်အဆက်ကောင်းရှိကြပြီး ကွန်ရက်တွေ ကျယ်ပြန့်အောင် ချဲ့ထွင်နိုင်တဲ့သူတွေပါ။ အောင်မြင်မှု လှေခါးထစ်တွေဆီကို တက်လှမ်းနိုင်ဖို့အတွက်ဆို ပရော်ဖယ်ရှင်နယ်ကျတဲ့ ကွန်ရက်တွေရဲ့ အထောက်အပံ့တွေကို အနည်းအကျဉ်းတော့ ယူကိုယူရပါတယ်။ ဒါကြောင့်မို့ ကိုယ်ရဲ့လုပ်ငန်းခွင်ကို အထောက်အပံ့ပေးနိုင်တဲ့သူတွေနဲ့ ကွန်ရက်တွေ တည်ဆောက်ထားတာမျိုးပဲ ဖြစ်အောင်လုပ်သင့်ပြီး ကိုယ်ရဲ့ပေါင်းကူးတံတားတွေကို မီးရှို့ဖျက်ဆီးလိုက်တာမျိုး မဖြစ်အောင်နေသင့်ပါတယ်။

(၃) ကိုယ်ရဲ့လုပ်ငန်းခွင်ကိုနားလည်အောင်လုပ်ပါ
ကိုယ်လုပ်နေတဲ့ လုပ်ငန်းခွင်ကို ကိုယ်က အတွင်းကျကျ နားလည်ထားပြီး ခေတ်နဲ့အညီ ပြောင်းလဲလာတဲ့ လုပ်ငန်းခွင် Trend တွေကိုပါ သိနားလည်ထားပြီး လုပ်နိုင်တယ်ဆိုရင် ဘယ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် သူများထက် တစ်ပန်းပိုသာပြီး အောင်မြင်မှုတွေ ပိုရရှိလာပါလိမ့်မယ်။ ဒါကြောင့်မို့ ကိုယ်လုပ်ငန်းခွင်ရဲ့ တိုးတက်ပြောင်းလဲမှုတွေကို စဉ်ဆက်မပြတ်သိအောင် ကြိုးစားလုပ်ဆောင်တာပဲဖြစ်ဖြစ်၊ ပြောင်းလဲလာတဲ့ လုပ်ငန်းခွင်နောက်ကို လိုက်ပါစီးမျောတာပဲဖြစ်ဖြစ် ကြိုးစားလုပ်ဆောင်ပြီး ကိုယ်ရဲ့အောင်မြင်မှုရအောင် ကြိုးစားကြည့်ပါ။

(၄)အလုပ်နဲ့ဘဝကိုမျှတအောင်နေထိုင်တတ်ဖို့သင်ယူပါ
အလုပ်ခွင်ကနေ ဖိစီးလာတဲ့ အလုပ်စိတ်ဖိစီးမှုတွေကို ဖယ်ရှားနိုင်ဖို့ အိမ်ကချစ်ရတဲ့ မိသားစုဝင်တွေ၊ ခင်မင်ရင်နှီးတဲ့ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတတ်အောင်လည်း လေ့လာသင်ယူသင့်ပါတယ်။ အလုပ်နဲ့ဘဝမျှတအောင် နေထိုင်တတ်ခြင်းဟာ လူကို တက်ကြွလာစေအောင် ကူညီပေးသလို စိတ်ကိုလည်း အနားရစေနိုင်လို့ အတွေးအမြင်သစ်တွေလည်း ရရှိပိုင်ဆိုင်လာပါလိမ့်မယ်။ ဒါကြောင့်မို့ အောင်မြင်မှုကို ရရှိပိုင်ဆိုင်ဖို့အတွက်ဆို အလုပ်ချည်းပဲ ဖိလုပ်မနေဘဲ အလုပ်နဲ့ဘဝကို မျှတအောင် လုပ်တတ်ဖို့ လေ့လာသင်ယူပါ။

(၅) ငြင်းပယ်တတ်ဖို့ လေ့လာသင်ယူပါ
ဘာကိုပဲလုပ်ခိုင်းလုပ်ခိုင်း လုပ်ပေးနိုင်ပါတယ်ဆိုပြီး ခေါင်းညိတ်တာ ရေတိုအတွက်တော့ ကောင်းပေမယ့် ရေရှည်မှာ စိတ်ဖိစီးမှုတွေ များလာနိုင်ပြီး အလုပ်ပိလာနိုင်ပါတယ်။ တာဝန်ပေးတိုင်း မလုပ်နိုင်ဘဲနဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ဆိုပြီး ပြောတာက ကိုယ်ကို ဝန်ထမ်းကောင်းတစ်ယောက် မဖြစ်လာစေနိုင်ပါဘူးနော်။ ဒါကြောင့်မို့ အရေးကြီးတဲ့ အလုပ်တွေကိုတော့ အရင်ဆုံးလုပ်ကိုင်ပြီး အရေးမကြီးဘူးလို့ ထင်ရတဲ့ အလုပ်အကိုင်တွေကိုတော့ ငြင်းပယ်တတ်ဖို့ ကြိုးစားလေ့ကျင့်ကြည့်ပါ။

(၆) အားနည်းချက်နဲ့ အားသာချက်တွေကို သိအောင် လေ့လာပါ
ကိုယ်ရဲ့အားသာချက်ကို ကိုယ်က ကောင်းကောင်းသိထားမှ အသုံးချလို့ရမှာဖြစ်သလို ကိုယ်အားနည်းချက်ကိုလည်း သိထားမှ အားသာချက်အဖြစ် ပြုပြင်ပြောင်းလဲနိုင်မှာပါ။ အောင်မြင်တဲ့သူ တော်တော်များများကလည်း သူတို့ရဲ့ အားသာချက်၊ အားနည်းချက်ကို ကောင်းကောင်းသိရှိပြီး အားနည်းချက်တွေကိုလည်း အားသာချက်အဖြစ် ပြုပြင်ပြောင်းလဲယူနိုင်ကြသူတွေပါ။ ဒါကြောင့်မို့ ကိုယ်ရဲ့အားသာချက်နဲ့ အားနည်းချက်တွေကို သေချာသိရှိအောင် လေ့လာဆန်းစစ်ပြီး လုပ်ငန်းခွင်မှာ ပြန်လည်အသုံးချကာ အောင်မြင်သူတစ်ယောက်ဖြစ်အောင် ပြောင်းလဲယူကြည့်ပါ။

H.H(Akhayar)